AI နည်းပညာက ကမ္ဘာကြီးကို လွှမ်းမိုးပြီး လူသားတွေကို ဖျက်ဆီးပစ်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေဟာ ယုံတမ်းစကားသက်သက်သာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြတ်ပြတ်သားသား ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံက AI နယ်ပယ်မှာ ထိပ်ဆုံးကနေ ဦးဆောင်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေချိန်မှာ အမေရိကန်အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်လျှော့ပစ်လို့မရဘူးလို့ သူက အခိုင်အမာ ဆိုပါတယ်။ စက်တင်ဘာလ ၁၃ ရက်နေ့ကဆိုရင် AI ကို အနိုင်ရတဲ့သူက အရာအားလုံးကို အနိုင်ရမှာပဲလို့တောင် သူက ဆိုပါတယ်။

အဲဒီလို ငြင်းဆိုမှုဟာ နည်းပညာလောကရဲ့ ထိပ်သီးခေါင်းဆောင်တွေကြားမှာ AI ရဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေချိန်မှာ ထွက်ပေါ်လာတာပါ။ Anthropic ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဒါရီယို အမိုဒေး၊ OpenAI အမှုဆောင်အရာရှိချုပ် ဆမ်အော့တ်မန်းနဲ့ အီလွန်မတ်စ်တို့က AI ဖွံ့ဖြိုးမှုကို အရှိန်လျှော့ဖို့ တောင်းဆိုနေကြပါတယ်။ ဒါပေမဲ့ Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆင်ဟွမ်နဲ့ Meta အမှုဆောင်အရာရှိချုပ် မာ့ခ်ဇက်ကာဘတ်တို့ကတော့ အဲဒီလို အရှိန်လျှော့ပစ်မယ့် အစီအစဉ်တွေကို လုံးဝ ကန့်ကွက်ထားကြပါတယ်။

တကယ်တော့ အဲဒီ အငြင်းပွားမှုတွေဟာ AI ကို လုံးဝ ရပ်တန့်ပစ်ဖို့ ဆိုတာထက် အစွမ်းထက်ဆုံး AI စနစ်တွေကို ဘယ်လောက်အထိ မြန်မြန်ဆန်ဆန် တီထွင်သင့်သလဲ၊ ဘေးကင်းလုံခြုံရေး အစီအမံတွေကို ဘယ်လို ချမှတ်သင့်သလဲ ဆိုတဲ့အပေါ်မှာ အဓိကထားနေတာ ဖြစ်ပါတယ်။ ထရမ့်ကတော့ အမေရိကန်ဟာ တရုတ်ရဲ့နောက်မှာ ပြတ်ကျန်မရစ်စေဖို့ AI နယ်ပယ်မှာ ဆက်လက်ပြီး မြန်မြန်ဆန်ဆန် ရှေ့ဆက်သွားသင့်တယ်လို့ ရပ်တည်ထားပြီး လိုအပ်ရင် အစိုးရအနေနဲ့ ထိန်းချုပ်မှုတွေ လုပ်ဆောင်ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။
Ref : Technology Innovation