iPhone 17 Air ဟာ အရင်က ထွက်ခဲ့တဲ့ iPhone တွေနဲ့ယှဉ်ရင် ဒီဇိုင်းပိုင်းမှာ အကြီးမားဆုံးပြောင်းလဲထားပါတယ်။ အလွန်ပါးလွှာ ပေါ့ပါးအောင် ဖန်တီးထားပါတယ်။ ဖုန်းရဲ့ အထူက ၅.၆ မီလီမီတာပဲ ရှိပြီး အခုအချိန်အထိ ထွက်ထားတဲ့ iPhone တွေထဲမှာ အပါးဆုံးပါပဲ။
ဒီဖုန်းဟာ အရမ်းလူကြိုက်များခြင်း မရှိခဲ့တဲ့ iPhone 16 Plus ကို အစားထိုးလိုက်တာဖြစ်ပြီး မျက်နှာပြင်ကတော့ ၆.၅ လက်မ LTPO Super Retina OLED display ကို 120Hz refresh rate နဲ့အတူ ပါဝင်ပါတယ်။ နောက်ပြီး Ceramic Shield 2 လို့ ခေါ်တဲ့ အသစ်ထုတ်လုပ်ထားတဲ့ မှန်အကာအကွယ်နဲ့ Brightness က 3,000 nits အထိ ရပါတယ်။
ပါးလွှာပြီး ပေါ့ပါးတဲ့ဒီဇိုင်းကို ဖန်တီးဖို့အတွက် Apple က အချို့အရာတွေကို လျှော့ချခဲ့ရပါတယ်။ အထင်ရှားဆုံးတစ်ခုကတော့ ဖုန်းနောက်ဘက်မှာ 48MP ကင်မရာတစ်လုံးပဲ ထည့်ထားတာပါပဲ။ ရှေ့ဘက်မှာတော့ Center Stage စနစ်ပါတဲ့ 18MP ကင်မရာ ပါဝင်ပါတယ်။
ဒါပေမဲ့ စွမ်းဆောင်ရည်ပိုင်းမှာတော့ Apple က လျှော့မထားပါဘူး။ iPhone Air မှာ Apple A19 Pro chip အသစ် ပါဝင်လာပြီး ၆-core CPU နဲ့ ၅-core GPU ပါရှိပါတယ်။ Apple ရဲ့ပြောကြားချက်အရ iPhone Air ဟာ MacBook Pro အဆင့် စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်တဲ့။
ဒါတင်မကသေးပါဘူး၊ iPhone Air ဟာ Wi-Fi 7 နဲ့ Bluetooth 6.0 ချိတ်ဆက်နိုင်မယ့် Apple N1 chip ကိုလည်း ပထမဆုံးအကြိမ်အဖြစ် မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီ chip နဲ့အတူ Apple C1X modem လည်းပါဝင်လာပြီး C1 modem ထက် ၂ ဆ ပိုမြန်သလို iPhone 16 Pro မှာသုံးတဲ့ Qualcomm Snapdragon X71 modem ထက် စွမ်းအင် ၃၀% လျှော့သုံးပါတယ်။
Apple က ဘက်ထရီပမာဏကို အတိအကျမပြောပေမယ့် iPhone Air ဟာ တစ်နေကုန် အသုံးပြုနိုင်မယ့် ဘက်ထရီသက်တမ်းကို ပေးနိုင်ပါလိမ့်မယ်။ နောက်ထပ် ရွေးချယ်နိုင်တဲ့အနေနဲ့ Apple ဟာ MagSafe battery ကိုလည်း ထုတ်လုပ်ထားပြီး အဲ့ဒီဘက်ထရီနဲ့ဆိုရင် iPhone Air ဟာ ဗီဒီယိုတွေကို စုစုပေါင်း နာရီ ၄၀ ကြာအောင် ကြည့်နိုင်မှာပါ။
iPhone Air ကို အရောင်လေးမျိုးနဲ့ ရနိုင်ပါတယ်။ အဲ့ဒါတွေကတော့ Space Black၊ Cloud White၊ Light Gold နဲ့ Sky Blue တို့ပဲ ဖြစ်ပါတယ်။
အခြေခံ 256GB မော်ဒယ်အတွက်တော့ ဈေးနှုန်းက ဒေါ်လာ ၉၉၉ ကနေ စပါလိမ့်မယ်။ ပထမအသုတ်အဖြစ် နိုင်ငံ ၆၃ နိုင်ငံမှာ စက်တင်ဘာ ၁၂၊ သောကြာနေ့မှာ ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာ ၁၉ မှာ စတင်ပို့ဆောင်ပေးမှာပါ။
Ref : gsmarena