Apple ဟာ iPhone 17 Pro နဲ့ Pro Max ကို မိတ်ဆက်လိုက်ပြီး ဒီတစ်ခါမှာတော့ တိုက်တေနီယမ်အစား 7000 Series အလူမီနီယမ်ကိုယ်ထည်ကို ပြန်သုံးထားပါတယ်။ ဒီအလူမီနီယမ် ကိုယ်ထည်တွေမှာ အရောင်သုံးရောင်ရရှိမှာဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ ငွေရောင်၊ အပြာရင့်ရောင်နဲ့ လိမ္မော်ရောင်အသစ်တို့ပဲ ဖြစ်ပါတယ်။
မျက်နှာပြင်မှာတော့ Ceramic Shield 2 မှန်ကို အသုံးပြုထားပြီး Apple ရဲ့ စမ်းသပ်မှုတွေအရ အရင်ကထက် ခြစ်ရာထင်တာ ၃ ဆနဲ့ ကွဲအက်တာ ၄ ဆ ပိုခံနိုင်ရည်ရှိလာပါတယ်။
iPhone 17 Pro မှာ ၆.၃ လက်မနဲ့ Pro Max မှာ ၆.၉ လက်မ Super Retina XDR မျက်နှာပြင်တွေ ပါဝင်ပါတယ်။ ဒီဖုန်းနှစ်လုံးစလုံးဟာ 120Hz adaptative refresh rate နဲ့ Always-On စနစ်မှာ 1Hz အထိ ကျဆင်းနိုင်ပါတယ်။ အလင်းအား အမြင့်ဆုံး 3,000 nits အထိ ရရှိမှာပါ။
ကင်မရာစနစ်ဟာ အလူမီနီယမ်ကိုယ်ထည်နဲ့ တစ်ဆက်တည်းပါဝင်တဲ့ ကင်မရာပလပ်ဖောင်းအသစ်ပေါ်မှာ တည်ရှိပါတယ်။ အဓိက အဆင့်မြှင့်တင်မှုတစ်ခုကတော့ 5x telephoto ကင်မရာပါပဲ။ ဒါဟာ 12MP ကနေ 48MP Fusion sensor ကို ပြောင်းလဲထားတာ ဖြစ်ပါတယ်။ ဒီကင်မရာမှာ 100mm f/2.8 မှန်ဘီလူးကို သုံးထားတဲ့အတွက် optical zoom က 4x ပဲရှိပေမယ့် high resolution ကြောင့် 8x (သို့) 200mm အထိ digital zoom ကို ရနိုင်ပါတယ်။ နောက်ထပ် 48MP Fusion ကင်မရာ ၂ လုံးလည်း ထည့်သွင်းထားပြီး 26mm wide နဲ့ 13mm ultrawide lenses တွေ ဖြစ်ပါတယ်။
ရှေ့ကင်မရာကတော့ 1:1 စတုရန်းပုံစံ Center Stage စနစ်ပါတဲ့ 18MP ကင်မရာအသစ် ပါဝင်လာပြီး ဗီဒီယိုရိုက်ကူးနေချိန်မှာ အရာဝတ္ထုကို ဗဟိုချက်မှာ အလိုအလျောက် ထားရှိပေးမှာပါ။ ထူးခြားတာက သူငယ်ချင်းတွေနဲ့ ဆဲလ်ဖီး ရိုက်တဲ့အခါ landscape ရဖို့ ဖုန်းကို အလျားလိုက်လှည့်စရာ မလိုတော့ပါဘူး။
iPhone 17 Pro စီးရီးမှာ 3nm Apple A19 Pro chipset ကို သုံးထားပြီး iPhone Air ထဲက A19 Pro ထက်တောင် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းမှာဖြစ်ပါတယ်။ ဒါ့အပြင် အရင်မျိုးဆက် iPhone Pro တွေထက် စွမ်းဆောင်ရည် ၄၀% ပိုကောင်းလာတယ်လို့ Apple က ပြောပါတယ်။
ဘက်ထရီပိုင်းမှာတော့ iPhone 17 Pro စီးရီးက အရင်မော်ဒယ်ထက် ဗီဒီယိုကြည့်ရှုချိန် ၂ နာရီ ပိုကြာလာပြီး စုစုပေါင်း ၃၉ နာရီအထိ ကြည့်နိုင်ပါတယ်။
iPhone 17 Pro နဲ့ Pro Max ကို အပြာရင့်ရောင်၊ လိမ္မော်ရောင်နဲ့ ငွေရောင်တို့နဲ့ ရနိုင်ပါတယ်။ 256GB ကနေ စတင်ပြီး 512GB၊ 1TB နဲ့ Pro Max မှာဆိုရင် 2TB အထိ ရွေးချယ်နိုင်ပါတယ်။ iPhone 17 Pro ရဲ့ စျေးနှုန်းဟာ $1,099 ကနေ စတင်မှာဖြစ်ပြီး Pro Max ကတော့ $1,199 ကနေ စတင်ပါလိမ့်မယ်။ စက်တင်ဘာ ၁၂ ရက် သောကြာနေ့မှာ နိုင်ငံ ၆၃ နိုင်ငံမှာ စတင်မှာယူနိုင်ပြီး စက်တင်ဘာ ၁၉ ရက် မှာ စတင်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ref : gsmarena