Apple က iPhone 17 Series ထဲမှာ ဈေးအချိုဆုံး iPhone 17 ကို ကြေညာလိုက်ပါတယ်။
iPhone 17 မှာ ၆.၃ လက်မ Super Retina XDR မျက်နှာပြင် ပါဝင်ပြီး ပိုကြီးလာသလို ပိုလည်း တောက်ပလာပါတယ်။ ပထမဆုံးအကြိမ်အဖြစ် Pro မဟုတ်တဲ့ iPhone မှာ ProMotion နည်းပညာ ပါဝင်လာပြီး refresh rate က 120Hz အထိ ရှိတာကြောင့် Always-On display စနစ်လည်း ပါဝင်လာပါတယ်။
ဖုန်းရဲ့မျက်နှာပြင်ကို Ceramic Shield 2 နဲ့ ဖုံးအုပ်ထားပြီး ခြစ်ရာခံနိုင်ရည် ၃ ဆ ပိုကောင်းလာပါတယ်။ အလင်းအား 3,000 nits အထိ ရရှိမှာဖြစ်ပြီး iPhone 16 ထက် အပြင်ဘက်မှာ ၂ ဆ ပိုကောင်းတဲ့ contrast ကို ပေးနိုင်ပါတယ်။
iPhone 17 မှာ 3nm နဲ့ ထုတ်လုပ်ထားတဲ့ Apple A19 chip အသစ်ကို သုံးထားပါတယ်။ Apple ရဲ့ပြောကြားချက်အရ ၆-core CPU ဟာ iPhone 13 မှာပါတဲ့ A15 Bionic ထက် ၁.၅ ဆ ပိုမြန်ပြီး ၅-core GPU ကတော့ ၂ ဆ ပိုမြန်ပါတယ်တဲ့။
iPhone 17 မှာ Apple Intelligence ကို ထောက်ပံ့ပေးတဲ့ Neural Engine ကိုလည်း အဆင့်မြှင့်ထားပါတယ်။ ဘက်ထရီကတော့ ဗီဒီယိုတွေကို တစ်ခါအားသွင်းရုံနဲ့ နာရီ ၃၀ အထိ ကြည့်နိုင်မှာပါ။ နောက်ပြီး 40W ပါဝါအဒပ်တာနဲ့ဆိုရင် မိနစ် ၂၀ အတွင်း ၅၀% အထိ အားသွင်းနိုင်ပါတယ်။
ပထမဆုံးအကြိမ်အဖြစ် Pro မဟုတ်တဲ့ iPhone မှာ 48MP နောက်ကင်မရာနှစ်လုံး ပါဝင်လာပါတယ်။ အဲ့ဒါတွေကတော့ 48MP ပင်မကင်မရာနဲ့ 48MP ultrawide ကင်မရာတို့ပဲ ဖြစ်ပြီး ultrawide ကင်မရာမှာ macro ရိုက်နိုင်တဲ့ စွမ်းရည်လည်း ပါဝင်ပါတယ်။ ပင်မကင်မရာကနေ 2x optical zoom ပုံတွေကိုလည်း ရိုက်ကူးနိုင်ပါတယ်။
iPhone 17 ကို 256GB ကနေ စတင်ပြီး အမေရိကန်မှာ $799 နဲ့ ရောင်းချပါလိမ့်မယ်။ အရောင်တွေကတော့ ခရမ်းရောင်၊ အပြာရောင်၊ စိမ်းပြာရောင်၊ အဖြူရောင်နဲ့ အမည်းရောင်တို့ပဲ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၂ ရက်မှာ နိုင်ငံ ၆၃ နိုင်ငံမှာ ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာ ၁၉ ရက်မှာ စတင်ရောင်းချပါလိမ့်မယ်။
ref: gsmarena