ဥရောပသမဂ္ဂ (EU) က ဘီလျံနာ Elon Musk ပိုင်ဆိုင်တဲ့ လူမှုကွန်ရက် ပလက်ဖောင်း X ကို ဒစ်ဂျစ်တယ်စည်းမျဉ်းတွေ ဖောက်ဖျက်ကျူးလွန်မှုနဲ့ ယူရို သန်း ၁၂၀ (ဒေါ်လာ သန်း ၁၄၀) ဒဏ်ရိုက်လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ အမေရိကန်သမ္မတ Donald Trump ရဲ့ အစိုးရအဖွဲ့နဲ့ ထိပ်တိုက်တွေ့နိုင်မယ့် အနေအထား ဖြစ်နေပါတယ်။

အားကောင်းလှတဲ့ Digital Services Act (DSA) ဥပဒေအရ အခုလို ဒဏ်ရိုက်လိုက်တာဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး၊ အဓိကအားဖြင့် အပြာရောင်အမှန်ခြစ် (Blue Checkmark) စနစ်က သုံးစွဲသူတွေကို လှည့်စားသလို ဖြစ်နေတာအပါအဝင် ပွင့်လင်းမြင်သာမှုဆိုင်ရာ စည်းမျဉ်းတွေကို မလိုက်နာတဲ့အတွက် အခုလို အရေးယူလိုက်တာ ဖြစ်ပါတယ်။ “အဲဒီ” ဆုံးဖြတ်ချက်ဟာ X ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ပဲ သက်ဆိုင်ပြီး ဆင်ဆာဖြတ်တောက်မှုနဲ့ မဆိုင်ဘူးလို့ EU နည်းပညာအကြီးအကဲ Henna Virkkunen က ပြောဆိုထားပါတယ်။

ဒဏ်ကြေးအမိန့် မထွက်ခင်ကတည်းက အမေရိကန် ဒုသမ္မတ JD Vance က လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်ပြီး အမေရိကန်ကုမ္ပဏီတွေကို တိုက်ခိုက်တာမျိုး မလုပ်ဖို့ သတိပေးခဲ့ပါတယ်။ Elon Musk ကလည်း “အဲဒီ” သတိပေးချက်ကို ကျေးဇူးတင်ကြောင်း X မှာ ပြန်လည်ရေးသားခဲ့ပေမယ့် EU ဘက်ကတော့ သူတို့ရဲ့ ဒစ်ဂျစ်တယ်ဥပဒေ အသက်ဝင်စေဖို့ လုပ်ဆောင်တာသာ ဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
Musk လက်ထက်မှာ စတင်ခဲ့တဲ့ ငွေပေးချေပြီး အမှန်ခြစ်ရယူနိုင်တဲ့ စနစ်ကို EU ကော်မရှင်က ကန့်ကွက်ထားတာဖြစ်ပြီး၊ သုတေသီတွေကို အချက်အလက် ကြည့်ရှုခွင့် မပေးတာတွေနဲ့ ပတ်သက်ပြီးလည်း X မှာ အပြစ်ရှိကြောင်း တွေ့ရှိထားပါတယ်။ လက်ရှိမှာ တရားမဝင် အကြောင်းအရာတွေ ပြန့်နှံ့နေမှုကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီးတော့လည်း X ကို ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
Ref: Bangkokpost