ဖင်လန်နိုင်ငံသား အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ လူကပ်စ် ရှိုမန်း (Lukas Sjöman) ဟာ သူကိုယ်တိုင် တည်ဆောက်ထားတဲ့ ဆိုလာစွမ်းအင်သုံး လှေနဲ့ ဓာတ်ဆီ၊ ဒီဇယ် လုံးဝမသုံးဘဲ ရေမိုင် ၃,၀၀၀ ကျော် (ကီလိုမီတာ ၅,၅၆၀) ခရီးကို အောင်မြင်စွာ မောင်းနှင်နိုင်ခဲ့ပါတယ်။ အရှည် ၁၁ မီတာရှိတဲ့ ဟီးလီယို့စ် ၁၁ (Helios 11) လို့ အမည်ပေးထားတဲ့ အဲဒီလျှပ်စစ်လှေမှာ ခေါင်မိုးပေါ် ဆိုလာပြား ၁၀ ချပ်၊ ၂၄ ကီလိုဝပ်နာရီ ဘက်ထရီနဲ့ ၆ ကီလိုဝပ် လျှပ်စစ်မော်တာတို့ တပ်ဆင်ထားတာ ဖြစ်ပါတယ်။
နေရောင်ခြည် အားကောင်းတဲ့ အချိန်မှာ ဆိုလာပြားတွေကနေ လျှပ်စစ်ဓာတ်အား ဝပ် ၄,၀၀၀ အထိ ထုတ်လုပ်ပေးနိုင်တာမို့ ဘက်ထရီကို အားပြန်သွင်းရင်း ခရီးဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလှေကို တည်ဆောက်ဖို့ ပစ္စည်းဖိုး ဒေါ်လာ ၂၀,၇၀၀ ဝန်းကျင်ပဲ ကုန်ကျခဲ့ပြီး အလားတူ လျှပ်စစ်လှေတစ်စီးကို စက်ရုံထုတ် အချောထည် ဝယ်ယူမယ်ဆိုရင် ဒေါ်လာ ၆၉,၀၀၀ ကနေ ၉၂,၀၀၀ အထိ ကုန်ကျနိုင်တာ ဖြစ်ပါတယ်။

ဥရောပတလွှားကို လပေါင်းများစွာ ကြာအောင် ခရီးနှင်ခဲ့တဲ့ အဲဒီခရီးစဉ်ဟာ စပိန်နိုင်ငံရဲ့ မေဒီတာရေနီယံ ကမ်းရိုးတန်းမှာ ပြီးဆုံးခဲ့တာဖြစ်ပြီး ဆိုလာကရတဲ့ လျှပ်စစ်ဓာတ်အား တစ်ခုတည်းကိုပဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းမှာ ဖော်ပြနေကြသလို လှေဟာ အကန့်အသတ်မရှိ အမြဲတမ်း မောင်းနှင်နိုင်တယ်ဆိုတာထက် စနစ်တစ်ခုလုံး လည်ပတ်ဖို့ လုံလောက်တဲ့ နေရောင်ခြည်နဲ့ ဘက်ထရီ စွမ်းအင်သိုလှောင်ထားနိုင်မှု ပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။
Ref : Technology Innovation