HP (Hewlett-Packard) ကုမ္ပဏီက ကွန်ပျူတာစနစ် တပါတည်းပါဝင်တဲ့ ပါးလွှာပေါ့ပါးတဲ့ EliteBoard G1a Next Gen AI PC ကီးဘုတ်ကို မိတ်ဆက်လိုက်ပြီး ဒီနှစ် မတ်လမှာ ဖြန့်ချိဖို့ ရှိနေပါတယ်။ အဲဒီကီးဘုတ်ဟာ အထူ ၁၇ မီလီမီတာနဲ့ အလေးချိန် ၆၃၀ ဂရမ်သာရှိလို့ သမားရိုးကျ လက်ပ်တော့တွေရဲ့ ထက်ဝက်လောက်ပဲ အလေးချိန်ရှိပြီး ပြင်ပ 4K မော်နီတာနဲ့ ချိတ်ဆက်အသုံးပြုနိုင်သလို ဘက်ထရီသက်တမ်း ၃ နာရီခွဲအထိ ခံမယ်လို့ သိရပါတယ်။

Photo: HP.com

ဒီလို ဒီဇိုင်းထုတ်လုပ်ဖြစ်ခဲ့တာကတော့ hybrid အလုပ်လုပ်ကိုင်မှု ပုံစံတွေကို လေ့လာရာကနေ စိတ်ကူးရရှိခဲ့တာလို့ HP က ပြောပါတယ်။ သုံးစွဲသူတော်တော်များများဟာ လက်ပ်တော့ကို ပြင်ပမော်နီတာတွေနဲ့ ချိတ်ဆက်ပြီးတာနဲ့ လက်ပ်တော့အဖုံးကို ပိတ်ထားတတ်ကြတာကြောင့် ကွန်ပျူတာစနစ်ကို ကီးဘုတ်ထဲမှာပဲ တပ်ဆင်လိုက်ရင် ပိုကောင်းမယ်လို့ စဉ်းစားမိခဲ့ကြတာ ဖြစ်ပါတယ်။

 

ဒီပစ္စည်းရဲ့ ထူးခြားချက်ကတော့ စိတ်ကြိုက်ဖြုတ်တပ် ပြုပြင်နိုင်တာဖြစ်ပြီး အနောက်ဖုံးကိုဖွင့်ကာ RAM ၊ SSD ၊ ဘက်ထရီနဲ့ ပန်ကာ အစရှိတဲ့ အစိတ်အပိုင်းတွေကို လဲလှယ်နိုင်သလို ကီးဘုတ်က ရေဖိတ်စင်တာကိုလည်း ခံနိုင်ရည်ရှိပါတယ်။ ပုံစံနှစ်မျိုးနဲ့ ရောင်းချမှာဖြစ်ပြီး တစ်မျိုးကတော့ USB-C ကြိုး တပ်ဆင်ထားတဲ့ပုံစံနဲ့ နောက်တစ်မျိုးကတော့ ပိုပြီးအဆင်ပြေစေမယ့် ကြိုးဖြုတ်တပ်လို့ရတဲ့ ပုံစံတို့ ဖြစ်ကြပါတယ်။

HP crammed an entire desktop computer into this keyboard | The Verge

စာရိုက်ရတာ ကောင်းမွန်အောင် ဖန်တီးထားပေမယ့် မျက်နှာပြင်မပါဝင်တာကြောင့် သုံးစွဲသူတွေအနေနဲ့ မော်နီတာ သယ်ဆောင်ရမယ့် အခက်အခဲနဲ့ ဘက်ထရီသက်တမ်း နည်းပါးတာ၊ အပေါက်အရေအတွက် နည်းပါးတာတွေကတော့ လက်တွေ့အသုံးပြုရာမှာ စိန်ခေါ်မှုတချို့ ရှိနေပါတယ်။ HP EliteBoard G1a Next Gen AI PC ကို မတ်လမှာ HP.com ကနေ ဝယ်ယူနိုင်မှာဖြစ်ပြီး ဈေးနှုန်းကိုတော့ မကြာခင် ကြေညာသွားမယ်လို့ သိရပါတယ်။

Ref : Bangkokpost