California ရှိ အကျဉ်းသားတွေဟာ ထောင်ထဲကနေ အပြင်ကိုထွက်စရာမလိုဘဲ ကမ္ဘာပတ်ဖို့၊ အလုပ်အင်တာဗျူး လေ့ကျင့်ဖို့နဲ့ နေ့စဉ်လူနေမှုဘဝ ကျွမ်းကျင်မှုတွေကို သင်ယူဖို့အတွက် VR headset တွေကို အသုံးပြုနေကြပါတယ်။

Valley State Prison မှာ အကျဉ်းသားတွေဟာ အကျိုးအမြတ်မယူတဲ့ Creative Acts အဖွဲ့က ဦးစီးတဲ့ တစ်ပတ်ကြာ VR အစီအစဉ်မှာ ပါဝင်ခဲ့ကြပါတယ်။ သူတို့ဟာ ထိုင်းနိုင်ငံ လိုနေရာမျိုးတွေကို သွားရောက်လေ့လာတာ၊ အင်တာဗျူး ဖြေဆိုတာတွေ လေ့ကျင့်တာနဲ့ ပြန်လွတ်လာတဲ့အခါ အဆင်ပြေစေဖို့ နေ့စဉ်လူနေမှုဘဝပုံစံတွေကို လေ့ကျင့်ခဲ့ကြပါတယ်။

ထောင်ထဲမှာ နှစ် ၂၀ ကြာ နေထိုင်ခဲ့ရတဲ့ Jacob Smith က သူ့ရဲ့ ပထမဆုံး VR အတွေ့အကြုံဟာ မမေ့နိုင်စရာပါပဲလို့ ပြောပါတယ်။ “ကျွန်တော် ထိုင်းနိုင်ငံကို ရောက်သွားတယ်ဗျာ” လို့ သူက ဆိုပါတယ်။ အခုတော့ သူဟာ တကယ့်လုပ်ငန်းခွင်အခြေအနေအတိုင်း ဖန်တီးထားတဲ့ virtual interview တွေကို ဖြေဆိုနိုင်ဖို့ တခြားအကျဉ်းသားတွေကို ပြန်လည်ကူညီပေးနေပါတယ်။
လေ့ကျင့်မှုအပိုင်းတစ်ခု ပြီးဆုံးတိုင်းမှာ စေတနာဝန်ထမ်းတွေက အကျဉ်းသားတွေရဲ့ ခံစားချက်တွေကို နားလည်သဘောပေါက်လာအောင် ဆွေးနွေးမှုတွေ ပြုလုပ်ပေးပါတယ်။ တည်ထောင်သူ Sabra Williams ကတော့ ဒီ VR အစီအစဉ်ကို “မျှော်လင့်ချက်စက်ရုံ (Hope Machine)” လို့ တင်စားခေါ်ဝေါ်ပြီး တချို့ပါဝင်သူတွေဆိုရင် သူတို့ စိတ်ကူးတောင်မယဉ်ဖူးတဲ့ အတွေ့အကြုံတွေကို ခံစားရလို့ headset ဖြုတ်လိုက်တဲ့အချိန်မှာ မျက်ရည်ကျတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။
ဒီအစီအစဉ်ဟာ ကောင်းမွန်တဲ့ ရလဒ်တွေလည်း ပြသနေပါတယ်။ California Department of Corrections ရဲ့ ထုတ်ပြန်ချက်အရ တစ်နှစ်အတွင်း စည်းကမ်းပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ၉၆% အထိ ကျဆင်းသွားခဲ့ပြီး ဒါဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ VR နည်းပညာရဲ့ အသုံးဝင်ပုံကို မီးမောင်းထိုးပြနေတာပဲ ဖြစ်ပါတယ်။
Ref : Technology Innovation