တရုတ် နိုင်ငံမှာ “Are You Dead?” လို့ အမည်ပေးထားတဲ့ မိုဘိုင်း App တစ်ခုဟာ တစ်ကိုယ်တည်း နေထိုင်သူတွေနဲ့ အထီးကျန် လူငယ်တွေကြားမှာ အကြီးအကျယ် ရေပန်းစားနေပါတယ်။ ဒီ App ရဲ့ လုပ်ဆောင်ပုံက ရိုးရှင်းပြီး အသုံးပြုသူတွေအနေနဲ့ နေ့စဉ် App ထဲဝင်ပြီး Check-in လုပ်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ရက်အနည်းငယ် ဆက်တိုက် ပျက်ကွက်ခဲ့မယ်ဆိုရင် အသုံးပြုသူ ကြိုတင်သတ်မှတ်ထားတဲ့ အရေးပေါ် အဆက်အသွယ် (Emergency contact) ဆီကို App က အလိုအလျောက် သတိပေးစာ ပေးပို့သွားမှာ ဖြစ်ပါတယ်။

ဒီ App ခေတ်စားလာရတဲ့ အကြောင်းရင်းကတော့ လူဦးရေ ၁.၄ ဘီလီယံရှိတဲ့ တရုတ် နိုင်ငံမှာ တစ်ကိုယ်တည်း နေထိုင်သူ ဦးရေ မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။ ၂၀၃၀ ခုနှစ်ရောက်ရင် တရုတ် မှာ တစ်ကိုယ်တည်း နေထိုင်တဲ့ အိမ်ထောင်စုပေါင်း သန်း ၂၀၀ အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ သက်ကြီးရွယ်အိုတွေ တစ်ယောက်တည်း နေထိုင်ရတာ၊ လူငယ်တွေ မြို့ကြီးတွေကို ပြောင်းရွှေ့ အလုပ်လုပ်ကိုင်ကြတာ၊ လက်ထပ်နှုန်း ကျဆင်းလာတာနဲ့ လူငယ် အလုပ်လက်မဲ့ ပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဓာတ်ကျမှုတွေက ဒီ App ကို လူကြိုက်များစေခဲ့တဲ့ တွန်းအားတွေ ဖြစ်ပါတယ်။

လူမှုကွန်ရက် Weibo ပေါ်မှာတော့ သုံးစွဲသူတွေက ဒီ App ဟာ သူတို့အတွက် နှစ်သိမ့်မှု ရစေတယ်လို့ ပြောဆိုကြပါတယ်။ အသုံးပြုသူတစ်ဦးက “ကျွန်တော် သေလား ရှင်လား ဆိုတာကို ပထမဆုံးအကြိမ် ဂရုစိုက်ပေးမယ့်သူ ရှိလာပါပြီ” လို့ ရေးသားထားသလို၊ နောက်တစ်ဦးကလည်း “၈ ယွမ် (8 yuan) ပေးရတဲ့ ဒီ App က တစ်ယောက်တည်း နေထိုင်တဲ့ လူငယ်တွေအတွက် နောက်ဆုံးလက်ကျန် ဂုဏ်သိက္ခာပါပဲ။ ကြောက်စရာ အကောင်းဆုံးက အထီးကျန်တာ မဟုတ်ဘဲ ပျောက်ကွယ်သွားမှာကိုပါ” လို့ မှတ်ချက်ပေးထားပါတယ်။
Hong Kong University of Science and Technology က ပါမောက္ခ Stuart Gietel-Basten ကတော့ ဒီဖြစ်စဉ်ဟာ လူငယ်တွေ အလုပ်ချိန် ရှည်ကြာပြီး လူမှုဆက်ဆံရေး နည်းပါးလာတာကို မီးမောင်းထိုးပြနေတယ်လို့ သုံးသပ်ပါတယ်။ ဒီနည်းပညာက လူတစ်ယောက်ကို အထီးကျန်စွာ သေဆုံးခြင်းကနေ ကာကွယ်ပေးနိုင်ရင် ကောင်းမွန်ပေမယ့်၊ တကယ့် လက်တွေ့ဘဝက လူမှုဆက်ဆံရေးတွေကိုတော့ အစားမထိုးသင့်ဘူးလို့ သူက အကြံပြုထားပါတယ်။
နိုင်ငံတကာကပါ စိတ်ဝင်စားလာတဲ့အတွက် ဖန်တီးသူတွေက App နာမည်ကို “Demumu” လို့ ပြောင်းလဲလိုက်ပြီး ဈေးနှုန်းကိုလည်း ၁ ယွမ် ကနေ ၈ ယွမ် အထိ တိုးမြှင့်လိုက်ပါတယ်။ “De” ဆိုတာက “Death” (သေဆုံးခြင်း) ကို ယူထားပြီး “mumu” ဆိုတာကတော့ ဖော်ရွေတဲ့ ပုံစံဖြစ်အောင် ပေါင်းစပ်ထားတာလို့ ဆိုပါတယ်။ ဒီ App ကို ဖန်တီးသူတွေဟာ ၁၉၉၅ ခုနှစ် နောက်ပိုင်းမွေးဖွားတဲ့ လူငယ် ၃ ဦး ဖြစ်ကြောင်းလည်း သိရပါတယ်။
Ref : cnn