လစ်ဗျားနိုင်ငံ Tripoli မြို့က အမျိုးသားတစ်ဦးဟာ ၂၀၁၀ ခုနှစ်တုန်းက သူမှာယူခဲ့တဲ့ Nokia ဖုန်းတွေကို ၁၆ နှစ်ကြာပြီးမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့မှာ လက်ခံရရှိခဲ့တဲ့ ဖြစ်စဉ်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ပစ္စည်းပိုင်ရှင်နဲ့ သူငယ်ချင်းတွေက ဖုန်းပုံးတွေကို ဖွင့်ကြည့်ရင်း ရယ်ရမလို ငိုရမလို ဖြစ်နေကြပြီး “ဒါ ဖုန်းလား ရှေးဟောင်းပစ္စည်းလား” လို့တောင် နောက်ပြောင်မေးမြန်းခဲ့ကြပါတယ်။

အမှန်တကယ်တော့ ပစ္စည်းပို့သူနဲ့ လက်ခံသူဟာ Tripoli မြို့ထဲမှာပဲရှိပြီး ကီလိုမီတာအနည်းငယ်သာ ကွာဝေးပေမယ့် ၂၀၁၀ ကာလက ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်နဲ့ ပဋိပက္ခတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး အခုလို ကြန့်ကြာခဲ့ရတာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ခဏလေးနဲ့ ရောက်မယ့် ပစ္စည်းတွေဟာ စစ်ပွဲကြောင့် ၁၀ စုနှစ်တစ်ခုကျော်ကြာ ပျောက်ဆုံးနေခဲ့တာပါ။

WATCH | Libyan Man Ordered Nokia Phones In 2010 & It Finally Arrived In 2026

ဗီဒီယိုထဲမှာတော့ အမျိုးသားတွေက Nokia ဖုန်းတွေ ခေတ်ကောင်းတုန်းက တန်ဖိုးကို ပြန်ပြောင်းပြောဆိုနေကြပြီး “လွန်ခဲ့တဲ့ ၁၆ နှစ်ကသာဆိုရင် ဒီဖုန်းတွေရောင်းပြီး အိမ်အကြီးကြီး ဝယ်လို့ရတယ်” လို့တောင် ပြောဆိုခဲ့ကြပါတယ်။ အဲဒီခေတ်က Nokia ဟာ ကမ္ဘာ့ဈေးကွက်မှာ ဦးဆောင်နေပြီး ဒီဖုန်းတွေဟာ ပြတိုက်ထားရမယ့် ပစ္စည်းတွေမဟုတ်ဘဲ တန်ဖိုးကြီး လူသုံးကုန်တွေ ဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ စစ်ပွဲရဲ့ အနိဋ္ဌာရုံနဲ့ နိုင်ငံတစ်ခု ပြိုလဲပျက်စီးမှုရဲ့ ပြယုဂ်တစ်ခုအဖြစ် လူမှုကွန်ရက် X (ယခင် Twitter) မှာ ဖော်ပြခံခဲ့ရပြီး ကြည့်ရှုသူ ၂ သန်းကျော် ရှိခဲ့ပါတယ်။ မှတ်ချက်ပေးသူတွေကတော့ ဟာသနှောပြီး ဝမ်းနည်းပက်လက် ရေးသားကြသလို တချို့ကလည်း ဒီဖုန်းတွေမှာ ခြေရာခံစနစ် မပါဝင်လို့ အခုချိန်မှာ စုဆောင်းသူတွေအတွက် တန်ဖိုးရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

လူအများစုကတော့ စစ်ပွဲကာလအတွင်း သေဆုံးရသူတွေ များစွာရှိတဲ့အထဲမှာ အခုလို အသက်ရှင်လျက် ပစ္စည်းပြန်ရတာကိုပဲ ဝမ်းသာသင့်ကြောင်း မှတ်ချက်ပြုကြပါတယ်။ ဒီဖြစ်ရပ်ဟာ တစ်ချိန်က တန်ဖိုးမဖြတ်နိုင်တဲ့ နည်းပညာပစ္စည်းတွေဟာ အချိန်ကာလတစ်ခုအကြာမှာ အသုံးမဝင်တော့တဲ့ အရာတွေ ဖြစ်သွားရတယ်ဆိုတဲ့ နာကျင်စရာ အမှန်တရားကိုလည်း မီးမောင်းထိုးပြနေပါတယ်။

Ref : Khaosod