Elon Musk ကတော့ ကမ္ဘာကျော် သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေထဲကအတိုင်း လက်တွေ့အကောင်အထည်ဖော်ဖို့ ခြေလှမ်းပြင်လိုက်ပါပြီ။ ဒါကတော့ သူ့ရဲ့ ဒုံးပျံကုမ္ပဏီ SpaceX နဲ့ AI နည်းပညာကုမ္ပဏီ xAI တို့ကို ပေါင်းစည်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလို စီးပွားရေးလုပ်ငန်းကြီးနှစ်ခုကို ပေါင်းစပ်လိုက်တာဟာ ကမ္ဘာမြေပေါ်မှာရော အာကာသထဲမှာပါ “အကြီးမားဆုံးသော တီထွင်ဆန်းသစ်မှု အင်ဂျင်ကြီး” တစ်ခုကို ဖန်တီးလိုက်တာလို့ Musk က ကြွေးကြော်ထားပါတယ်။

ဒီစီမံကိန်းရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အချက်ကတော့ SpaceX ရဲ့ ဒုံးပျံတွေကို အသုံးပြုပြီး နေစွမ်းအင်သုံး “ဂြိုဟ်တု Data Center” တွေကို အာကာသထဲ လွှတ်တင်မယ့် အစီအစဉ်ပါပဲ။ ကမ္ဘာမြေပေါ်မှာက AI နည်းပညာအတွက် လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်ကို လုံလောက်အောင် ဖြည့်ဆည်းပေးဖို့ မဖြစ်နိုင်တော့တာကြောင့် အခုလို စွမ်းအင်နဲ့ နေရာလွတ် အကန့်အသတ်မရှိတဲ့ အာကာသထဲကို ရွှေ့ပြောင်းဖို့ စီစဉ်ရတာလို့ သိရပါတယ်။

ဒီစီမံကိန်းအတွက် ငွေကြေးပမာဏကလည်း မျက်လုံးပြူးစရာပါပဲ။ ပေါင်းစည်းလိုက်တဲ့ ကုမ္ပဏီသစ်ရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁.၅ ထရီလီယံလောက်အထိ ရှိနိုင်ပြီး သမိုင်းတစ်လျှောက် အကြီးမားဆုံး IPO အဖြစ် ဒီနှစ် ဇွန်လလောက်မှာ စတော့ဈေးကွက် ဝင်ရောက်လာဖွယ် ရှိနေပါတယ်။ Musk အနေနဲ့ သမိုင်းတစ်လျှောက် အကြီးဆုံး Starship ဒုံးပျံကြီးတွေကို သုံးပြီး ဒေတာစင်တာအဖြစ် အလုပ်လုပ်မယ့် ဂြိုဟ်တု ၁ သန်းလောက်အထိ လွှတ်တင်သွားဖို့ ရည်မှန်းထားပါတယ်။
ဒါဟာ ရိုးရိုးရှင်းရှင်း စီးပွားရေး ပေါင်းစပ်မှုထက် ပိုပါတယ်။ လနဲ့ အင်္ဂါဂြိုဟ်ပေါ်မှာ လူသားတွေ အခြေချနေထိုင်နိုင်ဖို့နဲ့ Kardashev II လို့ခေါ်တဲ့ မိခင်ကြယ်ရဲ့ စွမ်းအင်တစ်ခုလုံးကို ရယူသုံးစွဲနိုင်မယ့် အဆင့်တစ်ခုဆီ ဦးတည်သွားမယ့် ပထမဆုံး ခြေလှမ်းလို့ Musk က ဆိုပါတယ်။ Jeff Bezos ရဲ့ Blue Origin နဲ့ အပြိုင်အဆိုင် ဖြစ်နေပေမယ့် Musk ကတော့ သူ့ရဲ့ Starship တွေနဲ့ တစ်နာရီကို တစ်ကြိမ်နှုန်း ဒုံးပျံလွှတ်တင်နိုင်တဲ့အထိ အိပ်မက်ကြီးကြီး မက်ထားပါတယ်။
Ref : Bangkokpost