တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ DroidUp စက်ရုပ်နည်းပညာကုမ္ပဏီကနေ Moya လို့ခေါ်တဲ့ လူသားပုံစံတူ စက်ရုပ်တစ်ရုပ်ကို မိတ်ဆက်ပြသလိုက်ပါတယ်။ ဒီစက်ရုပ်ဟာ လမ်းလျှောက်နိုင်တယ်၊ လူတွေနဲ့ မျက်လုံးချင်းဆုံနိုင်တယ်၊ ပြုံးပြနိုင်ပြီး သိမ်မွေ့တဲ့ မျက်နှာအမူအရာတွေကိုပါ လုပ်ပြနိုင်ပါတယ်။ ဒါဟာ ကမ္ဘာ့ပထမဆုံး ဇီဝမိတ္တူပွား (biomimetic) စက်ရုပ်ဖြစ်ပြီး AI နည်းပညာကို အသုံးပြုထားတာကြောင့် တကယ့်လက်တွေ့ကမ္ဘာမှာ မြင်နိုင်၊ တွေးခေါ်နိုင်ပြီး လှုပ်ရှားဆောင်ရွက်နိုင်ပါတယ်။
![]()
Moya ဟာ အရပ် ၅.၅ ပေ (၁.၆၅ မီတာ) မြင့်ပြီး အလေးချိန် ၃၂ ကီလိုဂရမ် ရှိတာကြောင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအစားနီးပါး ရှိပါတယ်။ ခန္ဓာကိုယ်ပါရှိတဲ့ AI (embodied AI) နည်းပညာကို သုံးထားတာကြောင့် ပတ်ဝန်းကျင်ကို မြင်နိုင်၊ တွေးနိုင်ပြီး တုံ့ပြန်ဆောင်ရွက်နိုင်ပါတယ်။ ဒါ့အပြင် ပိုပြီး သက်ရှိဆန်စေဖို့အတွက် ကိုယ်အပူချိန်ကို ၃၂ ကနေ ၃၆ ဒီဂရီ စင်တီဂရိတ်အထိ ထိန်းထားနိုင်အောင် ဖန်တီးထားပါတယ်။

DroidUp ကုမ္ပဏီရဲ့ အဆိုအရ Moya ဟာ လူတွေရဲ့ မျက်နှာအမူအရာတွေကို တုပနိုင်ပြီး ၉၂% လောက် လူနဲ့တူအောင် လမ်းလျှောက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တချို့လှုပ်ရှားမှုတွေကတော့ သဘာဝ သိပ်မကျသေးပါဘူး။ ကုမ္ပဏီအနေနဲ့ ဒီစက်ရုပ်ကို ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းတွေနဲ့ နေ့စဉ်သုံး အဖော်မွန်အဖြစ် အသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်။
လူတော်တော်များများက Moya ရဲ့ သက်ရှိဆန်လွန်းတဲ့ ပုံစံကို အထင်ကြီးနေကြပေမယ့် တချို့ကတော့ နည်းနည်း ကြောက်စရာကောင်းတယ်လို့ မြင်ကြပါတယ်။ ဒါကို “uncanny valley” လို့ခေါ်ပြီး စက်ရုပ်တွေက လူနဲ့ တော်တော်လေးတူပေမယ့် လုံးဝကြီး မတူတစ်တူ ဖြစ်နေတဲ့အခါ လူတွေဆီမှာ ဖြစ်ပေါ်လာတတ်တဲ့ စိတ်မသန့်ချင်စရာ ခံစားချက်မျိုး ဖြစ်ပါတယ်။
Ref : Technology Innovation