Colossal Biosciences ဟာ မာမွတ် ဆင်ကြီး၊ ဒိုဒိုငှက်နဲ့ တက်စမေးနီးယား ကျားလိုမျိုး မျိုးသုဉ်းသွားတဲ့ သတ္တဝါတွေကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေတဲ့ ဇီဝနည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒီကုမ္ပဏီက ဒူဘိုင်းမြို့ရဲ့ အနာဂတ်ပြတိုက် (Museum of the Future) မှာ Colossal BioVault ကို တည်ဆောက်မယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။
အဲဒီ Vault ထဲမှာ ကမ္ဘာတစ်ဝန်းနဲ့ UAE နိုင်ငံအတွင်း အန္တရာယ်အရှိဆုံး မျိုးသုဉ်းလုနီးပါး သတ္တဝါ ၁၀၀ ကနေ စတင်ပြီး မျိုးစိတ်ပေါင်း ၁၀,၀၀၀ ကျော်ရဲ့ တစ်ရှူး၊ ဆဲလ်နဲ့ DNA နမူနာသန်းပေါင်းများစွာကို အေးခဲသိမ်းဆည်းထားမှာ ဖြစ်ပါတယ်။
![]()
BioVault ဟာ ကမ္ဘာမြေပေါ်က သက်ရှိတွေအတွက် လုံခြုံစိတ်ချရတဲ့ အရန်သိမ်းဆည်းရာနေရာ (Backup) တစ်ခုအဖြစ် ဆောင်ရွက်မှာပါ။ နမူနာတွေကို စနစ်တကျ သိမ်းဆည်းဖို့ AI ၊ စက်ရုပ်နည်းပညာနဲ့ အေးခဲထိန်းသိမ်းခြင်း နည်းပညာ (Cryopreservation) တွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသနတွေကို အထောက်အကူပြုဖို့ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်တွေကိုလည်း ဖန်တီးပေးမှာပါ။ လာရောက်လေ့လာသူတွေအနေနဲ့ သိပ္ပံပညာရှင်တွေ အလုပ်လုပ်နေပုံကို တိုက်ရိုက် ကြည့်ရှုနိုင်မှာဖြစ်လို့ ဒါဟာ သုတေသနစင်တာ တစ်ခုသာမကဘဲ ရှင်သန်နေတဲ့ ပြခန်းတစ်ခုလည်း ဖြစ်လာမှာပါ။
မင်းသား ရှိတ် ဟမ်ဒန် ဘင် မိုဟာမက် ဘင် ရာရှစ် အယ်လ် မက်တွမ် (Sheikh Hamdan bin Mohammed bin Rashid Al Maktoum) ရဲ့ လမ်းညွှန်မှုအောက်မှာ ဒီစီမံကိန်းဟာ ဒူဘိုင်း အနာဂတ်ပြတိုက်ကို သက်ရှိတွေကို ထိန်းသိမ်းစောင့်ရှောက်ရာနဲ့ သိပ္ပံပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေကို မြှင့်တင်ပေးမယ့် ကမ္ဘာ့အချက်အခြာ နေရာတစ်ခုအဖြစ် ရပ်တည်စေမှာ ဖြစ်ပါတယ်။
Ref : Technology Innovation