အရှေ့တောင်အာရှက ရာဇဝတ်ဂိုဏ်းတွေဟာ ဈေးသက်သာတဲ့ AI နည်းပညာတွေကို အသုံးပြုပြီး ပစ်မှတ်ထားခံရသူ အရေအတွက် ပိုများများနဲ့ ပိုမြန်မြန် လိမ်လည်လာကြတဲ့အတွက် အစိုးရတွေက နှိမ်နင်းနေပေမယ့်လည်း ကျားဖြန့်စင်တာတွေက ဆက်လက် လည်ပတ်နေနိုင်ပါတယ်။ အရင်ကဆိုရင် အရည်အသွေးညံ့တဲ့ ကြော်ငြာတွေ၊ စာတွေကြောင့် လိမ်လည်မှုကို အလွယ်တကူ သိနိုင်ပေမယ့် အခုအခါမှာတော့ AI နည်းပညာတွေကြောင့် အသံတုလုပ်တာ၊ ပုံရိပ်ယောင်ဖန်တီးတာတွေအပြင် ဘာသာစကား အခက်အခဲမရှိဘဲ သဘာဝကျကျ လိမ်လည်လာနိုင်ကြပါတယ်။

ကမ္ဘောဒီးယား အနေနဲ့ နိုင်ငံတကာ ဖိအားတွေကြောင့် နှိမ်နင်းမှုတွေ လုပ်ဆောင်နေပေမယ့် ဒီလုပ်ငန်းတွေက ပျောက်ကွယ်သွားမယ့်အစား ပုံစံပြောင်းလဲလာဖို့ ရှိနေပါတယ်။ AI ကြောင့် ကုန်ကျစရိတ်သက်သာစွာနဲ့ လုပ်ငန်းချဲ့ထွင်နိုင်သလို ဖမ်းဆီးခံရမယ့် အန္တရာယ်ကိုလည်း ပိုရဲရဲတင်းတင်း ရင်ဆိုင်လာကြပြီး အမေရိက၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေအထိပါ နေရာရွှေ့ပြောင်း လုပ်ကိုင်လာကြတာကို တွေ့ရပါတယ်။

US Institute of Peace ရဲ့ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာတင် ဒီလိုနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်တွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ဒေါ်လာ ၆၄ ဘီလီယံလောက်အထိ ဆုံးရှုံးခဲ့ရတယ်လို့ ခန့်မှန်းထားပါတယ်။ လိမ်လည်သူတွေဟာ ChatGPT လို နည်းပညာတွေကို သုံးပြီး ပိုင်နိုင်တဲ့ ဘာသာစကားနဲ့ စာတွေရေးသလို၊ Deepfake နည်းပညာနဲ့ မိသားစုဝင်တွေအဖြစ် ဟန်ဆောင်ပြီး ဗီဒီယိုတွေ၊ အသံတွေ ဖန်တီးကာ ငွေလိမ်လည်မှုတွေ ပြုလုပ်နေကြပါတယ်။
လက်ရှိမှာတော့ လူကုန်ကူးခံရသူ အရေအတွက် လျော့နည်းသွားတာမျိုး မရှိသေးပေမယ့် အနာဂတ်မှာတော့ AI ကြောင့် လူအင်အား လိုအပ်ချက် လျော့နည်းလာနိုင်တယ်လို့ Interpol က ခန့်မှန်းထားပါတယ်။ လူတွေကို တစ်နိုင်ငံကနေ တစ်နိုင်ငံ သယ်ယူပို့ဆောင်တာ၊ တာဝန်ရှိသူတွေကို လာဘ်ထိုးတာတွေ လုပ်ရတာထက် AI ကို သုံးပြီး လူနည်းနည်းနဲ့ လုပ်ကိုင်တာက ပိုထိရောက်နိုင်ပေမယ့် ငွေကြေးကိုင်တွယ်သူတွေနဲ့ အင်ဂျင်နီယာတွေလို အဓိကလူတွေကိုတော့ ဆက်လက် လိုအပ်နေဦးမှာ ဖြစ်ပါတယ်။
Ref : Bangkokpost