အာရုံကြောပညာရှင်တစ်ဦးက Gen Z တွေဟာ သူတို့မိဘတွေထက် ဉာဏ်ရည်ဉာဏ်သွေး ပိုနိမ့်တဲ့ ပထမဆုံးမျိုးဆက် ဖြစ်လာတယ်လို့ အမေရိကန် လွှတ်တော်အမတ်တွေကို ပြောကြားလိုက်ပါတယ်။ (Gen Z သို့မဟုတ် မျိုးဆက် Z ဆိုတာ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ကြား မွေးဖွားသူတွေကို ဆိုလိုတာ ဖြစ်ပါတယ်)။
![]()
Gen Z တွေဟာ အရင်မျိုးဆက်တွေထက် ကျောင်းသင်ခန်းစာတွေမှာ အချိန်ပိုကုန်ဆုံးခဲ့ပေမယ့် သိမှုစွမ်းရည် (cognitive skills) တွေကတော့ ကျဆင်းလာတယ်လို့ ဒေါက်တာ Jared Cooney Horvath က ဆိုပါတယ်။ ဒီလို ကျဆင်းရတာဟာ ကျောင်းတွေမှာ စမတ်ဖုန်းနဲ့ ဒီဂျစ်တယ် နည်းပညာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာကြောင့်လို့ သူက သုံးသပ်ထားပါတယ်။

“ဆယ်ကျော်သက်တွေဟာ သူတို့ နိုးထနေတဲ့အချိန်ရဲ့ တစ်ဝက်ကျော်လောက်ကို ဖုန်း Screen တွေကြည့်ပြီး ကုန်ဆုံးနေကြပါတယ်။ လူသားတွေဟာ တခြားလူသားတွေဆီကနေ သင်ယူဖို့နဲ့ လေးလေးနက်နက် လေ့လာဖို့အတွက် သဘာဝက ဖန်တီးပေးထားတာပါ။ Screen ပေါ်က အချက်အလက် အကျဉ်းချုပ်တွေကို လှန်လှောကြည့်ရှုဖို့ မဟုတ်ပါဘူး” လို့ Horvath က ပြောပါတယ်။
ဖုန်း Screen တွေကို အလွန်အကျွံ သုံးစွဲတာဟာ စာဖတ်စွမ်းရည်၊ မှတ်ဉာဏ်၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ အာရုံစိုက်နိုင်စွမ်းတွေကို ထိခိုက်စေတယ်လို့ သူက ဆီးနိတ်ကော်မတီကို ရှင်းပြခဲ့ပါတယ်။ ပညာရေးမှာ နည်းပညာကို ပိုမိုမှီခိုလာတာဟာ ပညာရေးစွမ်းဆောင်ရည် ကျဆင်းလာတာနဲ့ တိုက်ဆိုင်နေတယ်လို့လည်း Horvath က ပြောကြားခဲ့ပါတယ်။
Ref: Fossbytes