စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကျင်းပခဲ့တဲ့ ပွဲမှာ Xiaomi က နိုင်ငံတကာ ဈေးကွက်အတွက် Xiaomi 17 နဲ့ Xiaomi 17 Ultra တို့နဲ့အတူ Leica Leitzphone အသစ်ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။ အဲဒီဖုန်းဟာ တရုတ်ဈေးကွက် သီးသန့် ထုတ်လုပ်ခဲ့တဲ့ Xiaomi 17 Ultra Leica Edition ရဲ့ နိုင်ငံတကာ ဗားရှင်းပဲ ဖြစ်ပါတယ်။

Leica Leitzphone with the rotating Leica Camera Ring

တရုတ်ဗားရှင်းနဲ့ အဓိက ကွာခြားချက်တွေကို ကြည့်မယ်ဆိုရင် ဘက်ထရီ ပမာဏက 6,800 mAh ကနေ 6,000 mAh ကို လျှော့ချထားပါတယ်။ ဖုန်းကျောဘက် ဒီဇိုင်းကလည်း အနက်ရောင် တစ်မျိုးတည်းသာ ရွေးချယ်နိုင်မှာ ဖြစ်ပြီး RAM 16GB နဲ့ Storage 1TB မော်ဒယ် တစ်မျိုးတည်းသာ ထွက်ရှိလာပါတယ်။ ဒါ့အပြင် ကင်မရာပိုင်းမှာပါတဲ့ Leica လိုဂိုကိုလည်း ၉၀ ဒီဂရီ လှည့်ထားပါတယ်။

Xiaomi's wildest phone is going global as the Leica Leitzphone - Phandroid

ကျန်တဲ့ အချက်အလက်တွေကတော့ အတူတူပဲ ဖြစ်ပြီး နောက်ဆုံးပေါ် Snapdragon 8 Elite Gen 5 ချစ်ပ်ဆက်နဲ့ အလင်းရောင် 3,500 nits အထိ ပေးစွမ်းနိုင်တဲ့ 6.9 လက်မအရွယ် OLED မျက်နှာပြင်တွေ ပါဝင်ပါတယ်။ ကင်မရာပိုင်းမှာတော့ ရှေ့ဘက် 50MP ဆဲလ်ဖီး ကင်မရာအပြင် ကျောဘက်မှာ Leica နဲ့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ 50MP (1-inch) ပင်မကင်မရာ၊ 200MP တယ်လီဖိုတို ကင်မရာနဲ့ 50MP Ultrawide ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

အထူးခြားဆုံး အချက်ကတော့ ကင်မရာ Island မှာ Zoom ဆွဲတာနဲ့ အလင်းအမှောင် (exposure) ချိန်ညှိဖို့ လက်နဲ့ လှည့်လို့ရတဲ့ ရုပ်ပိုင်းဆိုင်ရာ Leica Camera Ring ပါဝင်လာတာပဲ ဖြစ်ပါတယ်။ နာမည်ကြီး Leica M3 နဲ့ M9 ကင်မရာတွေရဲ့ ရိုက်ကူးမှုစတိုင်ကို ပြန်လည် ဖန်တီးပေးနိုင်မယ့် Leica Essential mode လည်း ပါဝင်လာပါတယ်။ IP68 ရေစိုခံစနစ်၊ 90W ကြိုးတပ်နဲ့ 50W ကြိုးမဲ့ အားသွင်းစနစ်တွေ ပါဝင်တဲ့ အဲဒီဖုန်းကို ဥရောပမှာ ယူရို ၁,၉၉၉ နဲ့ ယူကေမှာ ပေါင် ၁,၆၉၉ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ယူရို ၁၉၉.၉၉ တန် Photography Kit Pro အပိုပစ္စည်းနဲ့လည်း တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena