လန်ဒန်မြို့မှာရှိတဲ့ ဆရာဝန်တစ်ဦးဟာ ကီလိုမီတာ ၂,၄၀၀ လောက် ဝေးကွာတဲ့ ဂီဘရော်လ်တာက အသက် ၆၂ နှစ်အရွယ် ဆီးကျိတ်ကင်ဆာလူနာ တစ်ဦးကို အဝေးထိန်း စက်ရုပ်သုံးပြီး အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။ အဲဒီ ခွဲစိတ်မှုကို မတ်လ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်ဆေးခန်းက ပရော်ဖက်ဆာ ပရိုကာ ဒါ့စ်ဂုပ္ပတားဟာ လန်ဒန်မြို့ကနေ Toumai စက်ရုပ်စနစ်ကို ထိန်းချုပ်ပြီး ဆီးကျိတ်ဖယ်ရှားတဲ့ ခွဲစိတ်မှုကို ပြုလုပ်ခဲ့တာပါ။ ခွဲစိတ်ခံမယ့် လူနာနဲ့ ဒေသခံ ဆေးဘက်ဆိုင်ရာအဖွဲ့ကတော့ ဂီဘရော်လ်တာမှာပဲ ရှိနေခဲ့ကြပါတယ်။

အဲဒီ ခွဲစိတ်စက်ရုပ်မှာ လက်တံ ၄ ခုနဲ့ ကြည်လင်ပြတ်သားတဲ့ 3D ကင်မရာ ပါဝင်ပြီး 5G အရန်စနစ် ပါဝင်တဲ့ လုံခြုံရေးမြင့် ဖိုင်ဘာအော့ပ်တစ် ကွန်ရက်ကို အသုံးပြုထားတာကြောင့် နှောင့်နှေးမှု ၀ ဒသမ ၀၆ စက္ကန့်လောက်ပဲ ရှိခဲ့ပါတယ်။ အင်တာနက်လိုင်း ပြတ်တောက်သွားရင် အရန်သင့်ဖြစ်နေအောင် ဒေသခံ ခွဲစိတ်အဖွဲ့က စောင့်ဆိုင်းပေးခဲ့ရပေမယ့် ခွဲစိတ်မှုတစ်လျှောက်လုံး လိုင်းတည်ငြိမ်မှု ရှိခဲ့ပါတယ်။
အခုလို အဝေးထိန်း စက်ရုပ်သုံး ခွဲစိတ်ကုသမှုတွေကြောင့် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာရှိတဲ့ လူနာတွေအနေနဲ့ အထူးကုဆေးရုံကြီးတွေဆီ အဝေးကြီး သွားစရာမလိုဘဲ မိမိတို့ဒေသမှာပဲ အဆင့်မြင့် ကုသမှုတွေကို ခံယူလာနိုင်တော့မယ်လို့ ဆရာဝန်တွေက ပြောပါတယ်။