အီလွန်မတ်စ်ရဲ့ Neuralink လို အမေရိကန် ကုမ္ပဏီတွေကို အမီလိုက်ဖို့ ကြိုးစားနေတဲ့ တရုတ်နိုင်ငံမှာ နောက်ထပ် ၃ နှစ်ကနေ ၅ နှစ်အတွင်း ဦးနှောက်နဲ့ ကွန်ပျူတာ ချိတ်ဆက်တဲ့ (BCI) နည်းပညာကို အများပြည်သူတွေ လက်တွေ့အသုံးပြုလာနိုင်တယ်လို့ ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။ ဘေဂျင်းအစိုးရကလည်း ဒီနည်းပညာကို ကွမ်တမ်၊ 6G နဲ့ နျူကလီးယားစွမ်းအင်တွေလိုပဲ အနာဂတ်ရဲ့ အဓိက မဟာဗျူဟာမြောက် လုပ်ငန်းကဏ္ဍတစ်ခုအဖြစ် သတ်မှတ်လိုက်ပါတယ်။

BCI Technology: How does a Brain-Computer Interface Work?

တရုတ်နိုင်ငံဟာ အမေရိကန်နဲ့အပြိုင် လူသားတွေမှာ BCI စမ်းသပ်မှု ၁၀ ခုကျော် ပြုလုပ်နေပြီး ဒီနှစ်ထဲမှာ လူနာ ၅၀ ကျော်ကို စမ်းသပ်ဖို့ စီစဉ်ထားပါတယ်။ လတ်တလော စမ်းသပ်မှုတွေအရ လေဖြတ်နေတဲ့သူတွေနဲ့ ခြေလက်ဖြတ်တောက်ခံထားရသူတွေဟာ စက်ရုပ်လက်တွေနဲ့ စမတ်ဘီးတပ်ကုလားထိုင်တွေကို ပြန်လည်ထိန်းချုပ်နိုင်လာပါတယ်။ ပြည်တွင်းဈေးကွက်ဟာ ၂၀၂၇ ခုနှစ်မှာ ယွမ် ၅ ဒသမ ၅၈ ဘီလီယံအထိ ရှိလာဖို့ ခန့်မှန်းထားပြီး တချို့ပြည်နယ်တွေမှာ ဒီကုသမှုတွေကို နိုင်ငံတော် ဆေးဘက်ဆိုင်ရာ အာမခံထဲမှာ ထည့်သွင်းပေးထားပါတယ်။

Mysteries of the Brain: Brain-Computer Interface

တရုတ်နိုင်ငံမှာ လူဦးရေများပြားတာ၊ လူနာလိုအပ်ချက် ကြီးမားတာ၊ ကုန်ကျစရိတ် သက်သာတဲ့ စက်မှုကွင်းဆက်နဲ့ သိပ္ပံပညာရှင်တွေ ပေါများတာစတဲ့ အားသာချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျ သုတေသနနဲ့ ဆေးဘက်ဆိုင်ရာ လက်တွေ့အသုံးချမှုကြားက ကွာဟချက်ကို လျှော့ချဖို့ လိုအပ်နေသေးတဲ့အတွက် တရုတ်ဆေးရုံတွေမှာ BCI သုတေသန ဓာတ်ခွဲခန်းတွေ တည်ထောင်ပြီး လုပ်ငန်းစဉ်တွေကို အရှိန်မြှင့် ဆောင်ရွက်နေပါတယ်။

အမေရိကန်က Neuralink ကုမ္ပဏီက ဦးနှောက်ထဲကို တိုက်ရိုက်ထည့်သွင်းရတဲ့ ချစ်ပ်ပြားတွေကို အဓိကထားပေမယ့် တရုတ်သုတေသီတွေကတော့ အန္တရာယ်ကင်းပြီး သာမန် ခွဲစိတ်မှုမျိုးနဲ့ပဲ တပ်ဆင်နိုင်တဲ့ နည်းပညာတွေကိုပါ တီထွင်နေကြပါတယ်။ Neuralink ရဲ့ နည်းပညာက ထူးခြားပြောင်မြောက်ပေမယ့် တရုတ်နိုင်ငံကလည်း ဒီနယ်ပယ်မှာ အလွန်လျင်မြန်စွာ တိုးတက်နေပြီး အီလွန်မတ်စ်ရဲ့ ရည်မှန်းချက်တွေကို ပြည်တွင်းမှာတင် အကောင်အထည်ဖော်နိုင်စွမ်း ရှိနေပြီလို့ သုံးသပ်ထားပါတယ်။

Ref : Reuters