ဒီနေ့ခေတ်မှာ လက်ကိုင်ဖုန်းတွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပြီး ဖုန်းမပါဘဲ နေဖို့ဆိုတာ တွေးကြည့်လို့တောင် မရနိုင်တော့ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့ပထမဆုံး တယ်လီဖုန်းခေါ်ဆိုမှု၊ ပိုတိတိကျကျ ပြောရရင် လူတစ်ယောက်ရဲ့ အသံကို ကြိုးကနေတစ်ဆင့် တခြားတစ်ယောက်ဆီ ပထမဆုံးအကြိမ် အောင်မြင်စွာ ပေးပို့နိုင်ခဲ့တဲ့ ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ တိတိ၊ ၁၈၇၆ ခုနှစ် မတ်လ ၁၀ ရက်နေ့ကမှ ပေါ်ပေါက်ခဲ့တာပါ။ အဲဒီနေ့က အလက်ဇန်းဒါး ဂရေဟမ် ဘဲလ် ဟာ သူ့ရဲ့ လက်ထောက် ဝပ်ဆင် ဆီကို “ဝပ်ဆင်၊ ဒီကိုလာခဲ့ပါ။ ခင်ဗျားကို တွေ့ချင်တယ်” လို့ ပြောဆိုခဲ့တာဟာ သမိုင်းဝင် အခိုက်အတန့်တစ်ခု ဖြစ်လာခဲ့ပါတယ်။

A 1875 sketch by an unknown artist of Alexander Graham Bell and Thomas Watson conducting experiments. (Courtesy MIT Museum)

ဒီသမိုင်းဝင်ဖြစ်ရပ်ကြီး ပေါ်ပေါက်ခဲ့တဲ့ ဘော့စတွန်မြို့ရဲ့ လမ်းမတွေပေါ်မှာ အခုအချိန်ဆိုရင် လူတွေဟာ ဖုန်းတွေကိုယ်စီ ပွတ်ပြီး သွားလာနေကြပေမယ့် သူတို့ ဖြတ်လျှောက်သွားနေတဲ့ နေရာဟာ တယ်လီဖုန်း စတင်မွေးဖွားခဲ့တဲ့ နေရာဆိုတာကို သတိမထားမိကြပါဘူး။ စိတ်ဝင်စားစရာကောင်းတာက စကော့တလန်မှာ မွေးဖွားခဲ့တဲ့ ဘဲလ် ဟာ အစပိုင်းမှာ တယ်လီဖုန်းကို တီထွင်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ သူဟာ နားမကြားတဲ့ ကျောင်းသားတွေကို စာသင်ပေးနေသူဖြစ်ပြီး အဲဒီခေတ်က နှေးကွေးပြီး စျေးကြီးတဲ့ ကြေးနန်းရိုက်တဲ့ စနစ်ကို ပိုကောင်းအောင် လေ့လာစမ်းသပ်ရင်းကနေ မတော်တဆ အသံထွက်တဲ့စက်ကို တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

150 years on from the first ever telephone call, where is communication  heading next? | Stuff

ဘဲလ် နဲ့ သူ့ရဲ့ လက်ထောက် ဝပ်ဆင် တို့ဟာ အက်ဆစ်ရည်ကို အသုံးပြုရတဲ့ အရည်သုံး အသံပို့စက် (liquid transmitter) ကို အောင်မြင်စွာ ဒီဇိုင်းဆွဲနိုင်ခဲ့ပါတယ်။ အဲဒီ ကိရိယာဟာ ကြည့်လိုက်ရင် ကတော့ပုံသဏ္ဍာန် ခပ်ထူးထူးဆန်းဆန်း စက်ကိရိယာလေးတစ်ခုသာ ဖြစ်ပြီး အခုခေတ် ဖုန်းတွေနဲ့ လုံးဝကို မတူပါဘူး။ ဒါပေမဲ့ အဲဒီစက်လေးကပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ က ဆက်သွယ်ရေးစနစ်ကို ကြီးကြီးမားမား တော်လှန်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သောမတ်စ် အက်ဒီဆင် လို တခြား ထူးချွန်တဲ့ တီထွင်သူတွေက ဘဲလ် ရဲ့ မူလဒီဇိုင်းကို ပိုမိုကောင်းမွန်အောင် ဆက်လက်မွမ်းမံ အဆင့်မြှင့်တင်ခဲ့ကြပါတယ်။

ကတော့ပုံသဏ္ဍာန် စက်ကိရိယာလေးကနေ ခေတ်မီစမတ်ဖုန်းတွေအထိ တယ်လီဖုန်းတွေဟာ ဆယ်စုနှစ်တွေတစ်လျှောက် အံ့မခန်း တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ အကယ်၍သာ ဘဲလ် ဟာ ဒီနေ့ခေတ်က ဝါယာကြိုးမပါတဲ့အပြင် ကင်မရာ၊ အင်တာနက် အစရှိတာတွေ အစုံအလင်ပါဝင်တဲ့ လက်ကိုင်ဖုန်းတွေကို မြင်တွေ့ရမယ်ဆိုရင် အရမ်းကို အံ့သြမှင်တက်သွားမှာ သေချာပါတယ်။ ဒါ့အပြင် ၁၈၇၇ ခုနှစ်မှာ သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ Bell Telephone Company ကနေ ဆင်းသက်လာတဲ့ AT&T ကုမ္ပဏီကြီးဟာ အခုအချိန်အထိ ဆက်သွယ်ရေးလောကမှာ ခိုင်ခိုင်မာမာ ရပ်တည်နေဆဲ ဖြစ်တာကို သိရင်လည်း သူအရမ်းကို ဂုဏ်ယူဝမ်းမြောက်နေမှာ ဖြစ်ပါတယ်။

Ref : wbur