တရုတ်နိုင်ငံ ချုံချင့်မြို့ ဝူရှမ်းခရိုင်မှာ ကမ္ဘာ့အရှည်ဆုံး တောင်တက်စက်လှေကားကြီးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။ အရင်ကဆိုရင် ဒေသခံတွေဟာ အလုပ်သွားဖို့နဲ့ ဈေးဝယ်ဖို့အတွက် မတ်စောက်တဲ့ တောင်ကုန်းတွေကို တစ်နာရီလောက် အချိန်ယူ တက်ခဲ့ရပေမယ့် အခုတော့ မိနစ် ၂၀ လောက်နဲ့ အလွယ်တကူ သွားလာနိုင်ပြီ ဖြစ်ပါတယ်။
အဲဒီ Wushan Goddess လို့ အမည်ရတဲ့ စက်လှေကားစနစ်ကြီးဟာ အရှည် ၉၀၅ မီတာ ရှိပြီး အထပ် ၈၀ မြင့်တဲ့ မိုးမျှော်တိုက်ကြီး တစ်လုံးစာဖြစ်တဲ့ ၂၄၂.၁၄ မီတာ အမြင့်ကို တက်ရောက်နိုင်ပါတယ်။ တောင်စောင်းတစ်လျှောက် တည်ဆောက်ထားတဲ့ အဲဒီစနစ်မှာ စက်လှေကား ၂၁ စင်း၊ ဓာတ်လှေကား ၈ စင်း၊ ရွေ့လျားလူသွားလမ်း ၄ ခုနဲ့ လူကူးတံတားတွေ ပါဝင်ပြီး မှန်တွေ တပ်ဆင်ထားတဲ့အတွက် သဘာဝအလှအပတွေကိုလည်း ခံစားနိုင်ပါတယ်။
တောင်ပေါ်မြို့တော်လို့ လူသိများတဲ့ ချုံချင့်မြို့ဟာ မတ်စောက်တဲ့ တောင်ကုန်းတွေပေါ်မှာ တည်ဆောက်ထားတဲ့အတွက် ထူးခြားတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေ ရှိပါတယ်။ အခု စက်လှေကားသစ်ကြီးကတော့ မြို့ရဲ့ နာမည်ကြီး Crown စက်လှေကားကို ကျော်တက်ပြီး အရှည်ဆုံး ပြင်ပစက်လှေကား ဖြစ်လာခဲ့ကာ မြစ်ကမ်းဘေးလမ်းတွေကနေ ဆေးရုံ၊ ကျောင်းနဲ့ ပြတိုက်တွေဆီကို တိုက်ရိုက် ဆက်သွယ်ပေးထားပါတယ်။
လောလောဆယ် စမ်းသပ်ကာလအတွင်းမှာတော့ အဲဒီစက်လှေကားကို ၃ ယွမ် ပေးပြီး စီးနင်းနိုင်မှာ ဖြစ်ကာ တာဝန်ရှိသူတွေက အပြီးသတ် ဈေးနှုန်းကို နောက်ပိုင်းမှ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ဒေသခံတွေအတွက်တော့ အရင်လို ပင်ပင်ပန်းပန်း တောင်တက်စရာ မလိုတော့ဘဲ သက်တောင့်သက်သာနဲ့ ရှုခင်းတွေခံစားရင်း သွားလာနိုင်ကြပြီ ဖြစ်ပါတယ်။
Ref : Interesting Engineering

