ရုပ်ရှင်တွေထဲမှာပဲ တွေ့ဖူးတဲ့ Jurassic Park ကြီး တကယ်ပေါ်လာတော့မလား။ အဲဒီအဆိုပြုချက်အပေါ် ဘီလျံနာကြီး အီလွန်မတ်စ်က ဝင်ရောက်မှတ်ချက်ပေးလိုက်ရာကနေ ခေတ်သစ်ဇီဝနည်းပညာတွေသုံးပြီး မျိုးသုဉ်းသွားတဲ့ ဒိုင်နိုဆောတွေကို တကယ်ပဲ အသက်ပြန်သွင်းနိုင်မလား ဆိုတဲ့ ငြင်းခုံဆွေးနွေးမှုတွေ တစ်ကျော့ပြန် ထွက်ပေါ်လာပါတယ်။

ဒီစိတ်ဝင်စားစရာ အကြောင်းအရာကို စတင်လိုက်သူကတော့ X ရဲ့ ထုတ်ကုန်အကြီးအကဲ နီကီတာဘိုင်ယာပဲ ဖြစ်ပါတယ်။ Jurassic Park ပုံစံ Startup လုပ်ငန်းတစ်ခုကို စတင်ဖို့ဆိုတာ အခုအချိန်မှာ ဘဏ္ဍာရေးအရ ဖြစ်နိုင်ခြေရှိနေပြီလို့ သူက ဆိုလိုက်ပါတယ်။

ဒီစကားကို အီလွန်မတ်စ်က လူမှုကွန်ရက်ပေါ်မှာ “တစ်ယောက်ယောက်တော့ ဒါကို အလုပ်ဖြစ်အောင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဝင်ရောက်တုံ့ပြန်လိုက်ချိန်မှာတော့ အွန်လိုင်းတစ်ခွင်မှာ ကျယ်ကျယ်ပြန့်ပြန့် စိတ်ဝင်စားမှု ရရှိသွားခဲ့တာပါ။
ဒါပေမဲ့လည်း သိပ္ပံပညာရှင်တွေကတော့ ဒါဟာ လက်တွေ့မကျဘူးလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်သန်းပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့အတွက် ပျက်စီးမနေတဲ့ ဒိုင်နိုဆော DNA တွေ ကျန်ရှိနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်လို့ပါပဲ။
ဒါကြောင့်လည်း တချို့ ဇီဝနည်းပညာကုမ္ပဏီတွေဟာ ဒိုင်နိုဆောတွေထက်စာရင် မကြာသေးခင်ကမှ မျိုးသုဉ်းသွားတဲ့ တိရစ္ဆာန်တွေကို ပြန်လည်အသက်သွင်းဖို့ကိုပဲ အာရုံစိုက်လာကြပါတယ်။ ဥပမာအားဖြင့် Colossal Biosciences လို ကုမ္ပဏီမျိုးဆိုရင် မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ မာမွတ်ဆင်မွေးရှည်ကြီးတွေကို ပြန်လည်အသက်သွင်းမယ့် ပရောဂျက်တွေကို အကောင်အထည်ဖော်နေကြပါတယ်။
Ref : Fossbytes