Elon Musk ရဲ့ လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီ Tesla ရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Tesla Energy Ventures ဟာ UK က အိမ်ထောင်စုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လျှပ်စစ်မီး ဖြန့်ဖြူးခွင့် တရားဝင်ရရှိသွားပြီလို့ ဗြိတိန် စွမ်းအင်ဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က မတ်လ ၁၂ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
နည်းပညာဘီလျံနာ Elon Musk ဦးဆောင်တဲ့ အဲဒီလုပ်ငန်းဟာ အမေရိကန်ပြည်ထောင်စု ပြင်ပမှာ ပထမဆုံးအကြိမ်အဖြစ် လျှပ်စစ်မီး ဖြန့်ဖြူးသူအဖြစ် ရပ်တည်နိုင်ဖို့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ကြိုးပမ်းခဲ့တာပါ။ အခုဆိုရင်တော့ သူတို့ရဲ့ ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်ပါတယ်။

တကယ်တော့ Tesla Energy Ventures ဟာ စားသုံးသူတွေဆီ တိုက်ရိုက်မရောင်းချဘဲ ဆိုလာပြားတွေကို အဓိကအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခွင့် လိုင်စင်ကို ၂၀၂၀ ပြည့်နှစ်ကတည်းက UK ကနေ ရရှိထားပြီးသားပါ။ လက်ရှိမှာလည်း Texas ပြည်နယ်တစ်ဝန်းမှာ လျှပ်စစ်မီးတွေ ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။
စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ Ofgem ကတော့ Tesla Energy Ventures ကို Great Britain က အိမ်သုံးနဲ့ လုပ်ငန်းသုံး စားသုံးသူတွေဆီ လျှပ်စစ်မီး ဖြန့်ဖြူးခွင့် လိုင်စင် ချထားပေးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ စားသုံးသူတွေကို ကာကွယ်ပေးဖို့နဲ့ တရားမျှတတဲ့ စွမ်းအင်ဈေးကွက်တစ်ခု ဖြစ်လာစေဖို့ဟာ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ အခုလို လျှပ်စစ်မီးဖြန့်ဖြူးရေးဈေးကွက်ကို ခြေဆန့်လာတဲ့ သတင်းဟာ ကမ္ဘာတစ်ဝန်းမှာ Tesla ကားရောင်းအားတွေ ထိုးကျနေချိန်နဲ့ တိုက်ဆိုင်နေတာပဲ ဖြစ်ပါတယ်။
Ref : straittimes