Facebook ပေါ်မှာ content တွေ ဖန်တီးပြီး ငွေရှာချင်သူတွေအတွက် သတင်းကောင်း တစ်ရပ် ထွက်ပေါ်လာပါတယ်။ Meta ဟာ content ဖန်တီးရှင်တွေ ပရိသတ် ပိုမိုရရှိစေဖို့နဲ့ ဝင်ငွေ ပိုမိုရှာဖွေနိုင်ဖို့ ရည်ရွယ်ပြီး Creator Fast Track ဆိုတဲ့ အစီအစဉ်သစ် တစ်ရပ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။
ဒီအစီအစဉ်ဟာ ဖန်တီးရှင်တွေအတွက် လစဉ် ပုံမှန်ဝင်ငွေ ရရှိစေမယ့်အပြင် သူတို့ရဲ့ content တွေကိုလည်း လူတွေပိုသိအောင် လုပ်ဆောင်ပေးမယ့် Meta ရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုလည်း ဖြစ်ပါတယ်။

ဒီ Creator Fast Track အစီအစဉ်ဟာ Instagram၊ TikTok နဲ့ YouTube တို့လို တခြား platform တွေမှာ ပရိသတ် အခိုင်အမာ ရရှိထားပြီးသား ဖြစ်ပေမယ့် Facebook ကို အခုမှ စသုံးမယ့်သူတွေ ဒါမှမဟုတ် ပြန်လည်အသုံးပြုမယ့် ဖန်တီးရှင်တွေကို အဓိက ပစ်မှတ်ထားတာပါ။
စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ follower အရေအတွက် ၁ သိန်းနဲ့အထက် ရှိသူတွေအတွက် တစ်လကို ဒေါ်လာ ၁,၀၀၀၊ follower ၁ သန်းနဲ့အထက် ရှိသူတွေအတွက် တစ်လကို ဒေါ်လာ ၃,၀၀၀ အထိ သုံးလတိတိ သေချာပေါက် ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Facebook Content Monetization ကိုလည်း တိုက်ရိုက် အသုံးပြုခွင့် ရရှိမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာဆိုရင် Meta ဟာ Content ဖန်တီးရှင်တွေကို ဒေါ်လာ ၃ ဘီလီယံနီးပါးအထိ ပေးချေခဲ့ပြီး ဒါဟာ ယခင်နှစ်ထက် ၃၅ ရာခိုင်နှုန်းအထိ တိုးလာတဲ့ စံချိန်တင် ပမာဏ တစ်ခု ဖြစ်ပါတယ်။
အဲဒီ ဝင်ငွေတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို Reels တွေကနေ ရရှိကြတာဖြစ်ပြီး ကျန်တဲ့ ဝင်ငွေတွေကိုတော့ Stories၊ ဓာတ်ပုံနဲ့ စာသား post တွေကနေ ရရှိကြတာပါ။ တစ်နှစ်ကို ဒေါ်လာ ၁၀,၀၀၀ အထက် ဝင်ငွေရနေတဲ့ ဖန်တီးရှင် အရေအတွက်ဟာလည်း ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းကျော်အထိ တိုးလာတယ်လို့ သိရပါတယ်။
လောလောဆယ်မှာတော့ Facebook Content Monetization ကို ဖိတ်ကြားခံရသူတွေသာ အသုံးပြုနိုင်သေးပေမယ့် ပါဝင်ချင်တဲ့ ဖန်တီးရှင်တွေအနေနဲ့ Facebook mobile app ရဲ့ Professional Dashboard ထဲကတစ်ဆင့် စိတ်ဝင်စားကြောင်း ဖောင်ဖြည့်ပြီး တောင်းဆိုနိုင်ပါတယ်။
Ref: Fonearena