စမတ်ဖုန်းလောကမှာ ဘက်ထရီအကြမ်းစားနဲ့ အလန်းစားဒီဇိုင်းကိုမှ ရှာနေတဲ့သူတွေအတွက် Tecno ကနေ Spark 50 5G ကို အိန္ဒိယမှာ တရားဝင်မိတ်ဆက်လိုက်ပြန်ပါပြီ။ ဒီဖုန်းရဲ့ အားသာချက်ကတော့ 6,500mAh အထိ ပါဝင်လာတဲ့ ဘက်ထရီအကြီးစားကြီးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် 45W အမြန်အားသွင်းစနစ်လည်း ပါဝင်တာကြောင့် အားပြန်သွင်းရတာလည်း မြန်ဆန်စေမှာပါ။ Dimensity 6400 Chipset ကို အသုံးပြုထားပြီး 5G စနစ်ကိုပါ ကောင်းကောင်းကြီး အထောက်အပံ့ပေးထားပါတယ်။

မျက်နှာပြင်ပိုင်းမှာတော့ ၆ ဒသမ ၇၈ လက်မရှိတဲ့ HD+ LCD Panel ကို သုံးပေးထားပြီး 120Hz Refresh Rate ပါဝင်တာကြောင့် ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊ ဖုန်းပွတ်တာပဲဖြစ်ဖြစ် အင်မတန် ချောမွေ့နေမှာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာကတော့ ဖုန်းရဲ့ အကြမ်းခံနိုင်မှုပါပဲ။ စစ်ဘက်သုံးအဆင့်မီ ခိုင်ခံ့မှု (MIL-STD-810H) လက်မှတ်အပြင် ဖုန်နဲ့ ရေစိုဒဏ်ခံနိုင်တဲ့ IP64 အဆင့်လည်း ရှိတာကြောင့် တော်ရုံတန်ရုံ အပွန်းအပဲ့ဒဏ်တွေကို စိတ်ပူစရာမလိုတော့ပါဘူး။

ကင်မရာပိုင်းမှာတော့ အနောက်ဘက်မှာ 50MP ပင်မကင်မရာကို အလူမီနီယံဘောင်နဲ့ ခေတ်မီတဲ့ ဒီဇိုင်းမျိုး ထည့်ပေးထားပါတယ်။ RAM 4GB နဲ့ 6GB ဆိုပြီး ရွေးချယ်နိုင်သလို Storage 128GB အထိ ပါဝင်ပါတယ်။ လာမယ့် ဧပြီလ ၃ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကတော့ အိန္ဒိယရူပီး ၁၆,၉၉၉ (မြန်မာငွေ ၇ သိန်းကျော်) ကနေ စတင်မှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့လည်း ရွှေရောင်၊ ခရမ်းရောင်၊ အနက်ရောင်နဲ့ အစိမ်းနုရောင်ဆိုပြီး လှပတဲ့ အရောင် ၄ မျိုး ထွက်ရှိလာမှာ ဖြစ်ပါတယ်။
Ref : gsmarena