၂၀၂၆ ခုနှစ် မတ်လမှာ အမေရိကန်စစ်တပ်ဟာ အဆင့်မြင့် ကိုယ်ပိုင်မောင်းနှင်နိုင်တဲ့ နည်းပညာတွေ တပ်ဆင်ထားတဲ့ H-60Mx Black Hawk ရဟတ်ယာဉ်ကို ပထမဆုံးအကြိမ် ပိုင်ဆိုင်သွားပါပြီ။ အဲဒီရဟတ်ယာဉ်ဟာ အရင်က UH-60M အမျိုးအစားကို အဆင့်မြှင့်တင်ထားတာဖြစ်ပြီး “Optimally Piloted Vehicle” လို့လည်း ခေါ်ကြပါတယ်။ ထူးခြားချက်ကတော့ အဲဒီရဟတ်ယာဉ်ကို လေယာဉ်မှူးကိုယ်တိုင် မောင်းနှင်နိုင်သလို မြေပြင်ကနေ အဝေးထိန်းစနစ်နဲ့ဖြစ်စေ၊ စက်ရုပ်စနစ်နဲ့ ဖြစ်စေ ပျံသန်းနိုင်တာပဲဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်ဟာ အသစ်စက်စက် ထုတ်လုပ်ထားတာမဟုတ်ဘဲ အရင်ရှိပြီးသား ရဟတ်ယာဉ်ကို Sikorsky ကုမ္ပဏီရဲ့ MATRIX နည်းပညာနဲ့ DARPA ရဲ့ ALIAS အစီအစဉ်အရ အကြီးစား ပြုပြင်ပြောင်းလဲထားတာဖြစ်ပါတယ်။ အဲဒီထဲမှာ ခေတ်မီ Fly-by-wire ထိန်းချုပ်မှုစနစ်တွေနဲ့ အဆင့်မြင့်ဆော့ဖ်ဝဲတွေ ပါဝင်တာကြောင့် လေယာဉ်တက်တာ၊ ဆင်းတာ၊ လမ်းကြောင်းရှာတာတွေအပြင် စစ်ဆင်ရေးတာဝန်တွေကိုပါ သူ့အလိုအလျောက် လုပ်ဆောင်နိုင်ပါတယ်။ စမ်းသပ်မှုတွေအရဆိုရင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ကြုံရရင်တောင် ဒီစနစ်က အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ သိရပါတယ်။

တကယ်တော့ ဒီရဟတ်ယာဉ်ဟာ ၂၀၂၂ ခုနှစ်ကတည်းက လေယာဉ်မှူးမပါဘဲ စမ်းသပ်ပျံသန်းမှုတွေကို အောင်မြင်စွာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ အမေရိကန်စစ်တပ်က လက်တွေ့စစ်မြေပြင် အခြေအနေတွေမှာ အကျယ်တဝင့် ထပ်မံစမ်းသပ်သွားမှာဖြစ်ပါတယ်။ ဒါဟာ နည်းပညာပိုင်းအရ ကြီးမားတဲ့ တိုးတက်မှုတစ်ခုဖြစ်သလို စစ်ဆင်ရေးနယ်ပယ်မှာလည်း အပြောင်းအလဲကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။
အနာဂတ်မှာတော့ H-60Mx ရဟတ်ယာဉ်တွေကို အန္တရာယ်များတဲ့ ဒေသတွေမှာ ရိက္ခာပို့တာ၊ လူနာတင်တာနဲ့ ကင်းထောက်တာမျိုးတွေမှာ အဓိကအသုံးပြုသွားမှာဖြစ်ပါတယ်။ လူသားလေယာဉ်မှူးတွေအတွက် အသက်အန္တရာယ်ကြီးလွန်းတဲ့ နေရာမျိုးတွေမှာ ဒီလိုကိုယ်တိုင်င်မောင်းနှင်နိုင်တဲ့ ရဟတ်ယာဉ်တွေကို အစားထိုး အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။
Ref : Technology Innovation