အမေရိကန်ရဲ့ ထိပ်တန်းထောက်လှမ်းရေးအဖွဲ့ကြီးဖြစ်တဲ့ FBI ရဲ့ ညွှန်ကြားရေးမှူး ကတ်ရှ် ပတ်တဲလ် (Kash Patel) တစ်ယောက် အီရန်ဟက်ကာတွေရဲ့ လက်ချက်နဲ့ အရှက်ရစရာ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ အီရန်အစိုးရနဲ့ ပတ်သက်နေတဲ့ “Handala” ဆိုတဲ့ ဟက်ကာအဖွဲ့ဟာ ညွှန်ကြားရေးမှူးရဲ့ ကိုယ်ပိုင် Gmail အကောင့်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အထဲက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေကို အွန်လိုင်းပေါ် ချပြလိုက်တာပါ။ FBI ဘက်ကတော့ ဒါဟာ အရင်က အကြောင်းအရာဟောင်းတွေသာဖြစ်ပြီး အစိုးရလျှို့ဝှက်ချက်တွေ မပါဘူးလို့ ငြင်းဆိုထားပေမဲ့ အကြီးအကဲတစ်ယောက်ရဲ့ အကောင့် အဖောက်ခံရတာဟာ လုံခြုံရေးပိုင်းမှာတော့ အတော်လေး မျက်နှာပျက်စရာ ဖြစ်ခဲ့ပါတယ်။

Kash Patel's Emails Circulate Online - The New York Times

ဒီဟက်ကာအဖွဲ့ဟာ ညွှန်ကြားရေးမှူးရဲ့ အီးမေးလ်ထဲကနေ သူကိုယ်တိုင်ရိုက်ထားတဲ့ Selfie ပုံပေါင်းများစွာကို သက်သေအဖြစ် ထုတ်ပြခဲ့ပါတယ်။ အဲဒီပုံတွေထဲမှာ ပတ်တဲလ်တစ်ယောက် ဆေးပြင်းလိပ်ကြီးခဲပြီး အနံ့ခံနေတဲ့ပုံတွေ၊ ရမ်ပုလင်းကြီးကိုင်ပြီး မှန်ရှေ့မှာ ပို့စ်ပေးနေတဲ့ ပုံစံမျိုးစုံ ပါဝင်နေတာကြောင့် လူမှုကွန်ရက်ပေါ်မှာ အတော်လေး ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။ ဟက်ကာအဖွဲ့ကတော့ “FBI ရဲ့ ဖောက်ထွင်းလို့မရဘူးဆိုတဲ့ စနစ်တွေကို ငါတို့အဖွဲ့က နာရီပိုင်းအတွင်း ဒူးထောက်အောင် လုပ်ပြလိုက်တာပဲ” လို့တောင် ခနဲ့တဲ့တဲ့ ကြွေးကြော်ခဲ့ပါတယ်။

Iran-linked hackers have breached FBI Director Kash Patel's personal emails  | CNN Politics

တကယ်တော့ ဒီတိုက်ခိုက်မှုဟာ အမေရိကန်အစိုးရက Handala အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်တွေကို သိမ်းဆည်းလိုက်တာကို လက်တုံ့ပြန်တာလည်း ဖြစ်ပါတယ်။ အမေရိကန် တရားရေးဝန်ကြီးဌာနက သူတို့ဝက်ဘ်ဆိုက်တွေကို ပိတ်လိုက်တဲ့နေ့မှာပဲ ဟက်ကာတွေက ညွှန်ကြားရေးမှူးရဲ့ အကောင့်ကို ပြန်ပြီး ဖောက်ထွင်းပြခဲ့တာပါ။ အခုအခါမှာတော့ အမေရိကန်အစိုးရက ဒီဟက်ကာအဖွဲ့ကို ဖော်ထုတ်နိုင်ဖို့အတွက် ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း  ထုတ်ပြီး အပူတပြင်း လိုက်လံစုံစမ်းနေပါတယ်။

ဒီဖြစ်ရပ်ဟာ အီရန်နဲ့ အမေရိကန်ကြားက ဆိုက်ဘာစစ်ပွဲ ဘယ်လောက်အထိ အရှိန်မြင့်လာသလဲဆိုတာကို သက်သေပြနေတာပါ။ အရင်ကလည်း ဒီဟက်ကာအဖွဲ့ဟာ အစ္စရေးအစိုးရဝန်ထမ်းတွေနဲ့ အမေရိကန် ဆေးဘက်ဆိုင်ရာ ကုမ္ပဏီတွေကို တိုက်ခိုက်ခဲ့ဖူးတဲ့ ရာဇဝင်ရှိပါတယ်။ အခုလို FBI အကြီးအကဲအထိ ပစ်မှတ်ထားခံရတာကြောင့် နောက်ထပ် ဘယ်လို အရေးကြီးပုဂ္ဂိုလ်တွေ ထပ်ပြီး တိုက်ခိုက်ခံရဦးမလဲဆိုတာ စိုးရိမ်စရာ ဖြစ်နေပါတယ်။

Ref : cbsnews