Vivo ဟာ ကင်မရာပိုင်းကို အထူးဦးစားပေးထားတဲ့ Vivo X300 Ultra ဖုန်းသစ်ကို Spring Launch ပွဲမှာ မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းမှာ Snapdragon 8 Elite Gen 5 Chipset ကို သုံးထားပြီး Zeiss နဲ့ ပူးပေါင်းဖန်တီးထားတဲ့ အဆင့်မြင့်မှန်ဘီလူးစနစ်တွေ ပါဝင်ပါတယ်။ အပြင်အဆင်ပိုင်းမှာ ရှေးဟောင်းမှန်ဘီလူးပုံစံကို အခြေခံထားပြီး ရေစိုဖုန်စိုခံနိုင်တဲ့ IP68 နဲ့ IP69 အဆင့်တွေလည်း ပါဝင်တာကြောင့် တော်တော့်ကို ခိုင်ခံ့ပါတယ်။

ကင်မရာစနစ်မှာတော့ အဓိကအားဖြင့် 200MP အာရုံခံစနစ်ပါတဲ့ ပင်မကင်မရာနဲ့ Telephoto ကင်မရာတွေ ပါဝင်ပြီး Zeiss ရဲ့ နည်းပညာအသစ်တွေနဲ့ ပေါင်းစပ်ထားပါတယ်။ ဝေးလံတဲ့နေရာတွေကို အနီးကပ်ရိုက်ကူးနိုင်ဖို့ Zeiss G2 Teleconverter တွေကိုပါ သီးသန့်တပ်ဆင်နိုင်အောင် လုပ်ပေးထားပါတယ်။ ဗွီဒီယိုပိုင်းမှာလည်း 4K 120fps အထိ ရိုက်ကူးနိုင်တဲ့အပြင် ပရော်ဖက်ရှင်နယ်အဆင့် အရောင်ချိန်ညှိမှုစနစ်တွေလည်း ပါဝင်ပါတယ်။

ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းမှာ RAM 16GB နဲ့ Storage 1TB အထိ ရနိုင်သလို အပူဒဏ်ခံနိုင်ဖို့ Cooling System ကိုလည်း အရင်ကထက် ပိုကောင်းအောင် အဆင့်မြှင့်ထားပါတယ်။ မျက်နှာပြင်ကတော့ 6.82 လက်မအရွယ် 2K LTPO AMOLED အမျိုးအစားဖြစ်ပြီး 144Hz refresh rate နဲ့ အလုပ်လုပ်မှာပါ။ ဒါ့အပြင် ဘက်ထရီ 6600mAh အကြီးစားကို သုံးပေးထားပြီး 90W အမြန်အားသွင်းစနစ်နဲ့ 40W ကြိုးမဲ့အားသွင်းစနစ်တွေလည်း ပါဝင်ပါတယ်။
ဈေးနှုန်းအနေနဲ့ RAM 12GB နဲ့ Storage 256GB ပါတဲ့ အခြေခံမော်ဒယ်ကို ယွမ် ၆,၉၉၉ (ဒေါ်လာ ၁,၀၀၀ ဝန်းကျင်) ကနေ စတင်မှာဖြစ်ပြီး အမြင့်ဆုံး ဂြိုဟ်တုဆက်သွယ်ရေးစနစ်ပါတဲ့ မော်ဒယ်ကတော့ ယွမ် ၁၁,၉၉၉ အထိ ရှိမှာပါ။ အခု အဲဒီဖုန်းကို ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး ဧပြီလ ၃ ရက်နေ့မှာ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref : Gizmochina