Xiaomi ရဲ့ CEO Lei Jun ဟာ ပေကျင်းမြို့၊ Yizhuang ခရိုင်မှာရှိတဲ့ Xiaomi ကားစက်ရုံကနေ ၃ နာရီကျော်ကြာ တိုက်ရိုက်ထုတ်လွှင့်မှု (Livestream) တစ်ခု ပြုလုပ်ခဲ့ပြီး မျိုးဆက်သစ် SU7 ဆီဒန်ကားကို တစ်စစီဖြတ်ထုတ်ပြသခဲ့ပါတယ်။ ဒီထုတ်လွှင့်မှုမှာ Lei Jun ဟာ မော်တော်ယာဉ်ဘေးကင်းလုံခြုံရေးကျွမ်းကျင်သူ Zhu Xichan နဲ့အတူ ကားရဲ့ အပြင်ဘက် ဆေးသုတ်ထားပုံကနေ ဘီးတွေ၊ အတွင်းပိုင်းပစ္စည်းတွေနဲ့ 7.1.4-channel အသံစနစ်အထိ အစိတ်အပိုင်းတစ်ခုချင်းစီကို အသေးစိတ် စစ်ဆေးပြသခဲ့တာပါ။

ဒါ့အပြင် အာကာသယာဉ်သုံး အဆင့်မြင့် အလူမီနီယံနဲ့ ပြုလုပ်ထားတဲ့ ကိုယ်ထည်တည်ဆောက်ပုံ အစိတ်အပိုင်းတွေကိုလည်း ထုတ်ပြခဲ့ပါတယ်။ အထူးသဖြင့် ဘက်ထရီဘေးကင်းလုံခြုံရေးအတွက် အပူချိန်မြင့်မားတဲ့နေရာမှာ သံမှိုနဲ့ ထိုးဖောက်စမ်းသပ်မှုတွေကိုပါ ပြသခဲ့တာကြောင့် ကြည့်ရှုသူတွေအကြား တော်တော်လေး စိတ်ဝင်စားမှု ရခဲ့ပါတယ်။

လက်ရှိမှာတော့ Xiaomi SU7 အသစ်အတွက် အော်ဒါမှာယူမှုဟာ အစီးရေ ၄၀,၀၀၀ ကျော်သွားပြီလို့ Lei Jun က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကစပြီး ကားတွေကို စတင်ပို့ဆောင်ခဲ့ရာမှာ ၉ ရက်အတွင်း အစီးရေ ၇,၀၀၀ ကျော်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီး၊ တစ်ရက်ကို ပျမ်းမျှ အစီးရေ ၈၀၀ နီးပါး ထုတ်လုပ်ပေးပို့နေတာလည်း ဖြစ်ပါတယ်။
Ref : technode