စမတ်ဖုန်းလောကကို တစ်ခေတ်ဆန်းစေခဲ့တဲ့ iPhone X ကို Apple က ခေတ်မမီတော့တဲ့ ထုတ်ကုန်စာရင်းမှာ တရားဝင် ထည့်သွင်းလိုက်ပါပြီ။ ဒါကြောင့် ဒီဖုန်းကို Apple Store တွေနဲ့ တရားဝင် ဝန်ဆောင်မှုပေးတဲ့ နေရာတွေမှာ ပြင်ဆင်တာ၊ အပိုပစ္စည်း လဲလှယ်တာတွေ လုပ်ပေးတော့မှာ မဟုတ်ပါဘူး။ ကုမ္ပဏီအနေနဲ့ ထုတ်ကုန်တစ်ခုကို ဖြန့်ချိမှု ရပ်နားပြီး ၇ နှစ်အကြာမှာ အခုလို သတ်မှတ်လေ့ရှိပြီး iPhone X ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလကတည်းက ရောင်းချမှု ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ စတင်မိတ်ဆက်ခဲ့တဲ့ အချိန်ကစလို့ iPhone X ဟာ ပရိသတ်တွေကြားမှာ အတော်လေး ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ OLED မျက်နှာပြင်နဲ့ Face ID ကို ပထမဆုံး အသုံးပြုခဲ့တဲ့ ဖုန်းဖြစ်သလို၊ Touch ID ပါဝင်တဲ့ Home ခလုတ်ကို ဖယ်ရှားလိုက်တာကြောင့် ရှေ့ဘက်ကင်မရာနဲ့ Face ID အာရုံခံကိရိယာတွေ ပါဝင်တဲ့ Notch ဒီဇိုင်းနဲ့ မျက်နှာပြင်အပြည့် သုံးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖန်သားကိုယ်ထည်နဲ့ စတီးဘောင်ကို အသုံးပြုပြီး အဆင့်မြင့်ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့အတွက် အဲဒီအချိန်က အလွန်ရေပန်းစားခဲ့ပါတယ်။

Software ပိုင်းကို ကြည့်မယ်ဆိုရင် iPhone X အတွက် နောက်ဆုံးရရှိခဲ့တဲ့ အဓိက update ကတော့ iOS 16 ဖြစ်ပေမယ့် လုံခြုံရေးဆိုင်ရာ update တွေကိုတော့ ဆက်လက်ထုတ်ပေးနေဆဲ ဖြစ်ပါတယ်။ Apple ဟာ iPhone X အပြင် ၂၀၁၈ ခုနှစ်ထုတ် 15-inch MacBook Pro ကိုလည်း အဲဒီ ခေတ်မမီတော့တဲ့ ထုတ်ကုန်စာရင်းမှာ ထပ်မံထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် တစ်ချိန်က လူကြိုက်များခဲ့တဲ့ iPhone X ဟာ အခုဆိုရင် သမိုင်းစာမျက်နှာထက်ကို တရားဝင် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
Ref : macrumors