လာမယ့် ဩဂုတ်လ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပမယ့် ၂၀၂၆ ခုနှစ် ကမ္ဘာ့လူတူစက်ရုပ် အားကစားပွဲတော် (World Humanoid Robot Games) မှာ နိုင်ငံပေါင်း ၁၆ နိုင်ငံက အသင်း ၆၆၆ သင်းကို ကိုယ်စားပြုတဲ့ လူတူစက်ရုပ်ပေါင်း ၂,၀၅၆ ရုပ် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အဲဒီ ပြိုင်ပွဲကြီးမှာ ပြေးခုန်ပစ်၊ ဘောလုံး၊ ကျွမ်းဘား၊ အလေးမ၊ သိုင်းပညာ၊ အက၊ လွန်ဆွဲပွဲစတဲ့ စိတ်ဝင်စားစရာ အားကစားနည်း ၃၂ မျိုး ပါဝင်မှာပါ။ အထူးခြားဆုံးကတော့ ဒီနှစ်ရဲ့ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ လူတူစက်ရုပ်တွေဟာ လူရဲ့ ထိန်းချုပ်မှု လုံးဝမပါဘဲ သူတို့ဘာသာ အလိုအလျောက် ပြေးလွှားယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

အားကစားပြိုင်ပွဲတွေအပြင် စက်ရုံတွေ၊ ဟိုတယ်တွေ၊ နေအိမ်တွေ၊ ဆေးရုံတွေ၊ ကုန်တိုက်တွေနဲ့ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ တကယ်အသုံးပြုနိုင်မယ့် စွမ်းရည်တွေကိုလည်း စမ်းသပ်သွားမှာပါ။ အဲဒီ စမ်းသပ်မှုတွေထဲမှာ အဝတ်ခေါက်တာ၊ အစားအစာ ပြင်ဆင်တာနဲ့ မီးငြှိမ်းသတ်တာတွေလည်း ပါဝင်ပါတယ်။
ဒီပွဲကို အမေရိကန်၊ ဂျာမနီ၊ ဂျပန်နဲ့ ဘရာဇီးတို့လို နိုင်ငံတွေက အသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပြီး အိမ်ရှင်တရုတ်ကတော့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းနဲ့ လူတူစက်ရုပ် အရေအတွက် အများဆုံး ဖြစ်ပါတယ်။ ပြိုင်ပွဲကို ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ပွဲတော် ကျင်းပခဲ့တဲ့ Ice Ribbon လို့ နာမည်ကြီးတဲ့ အမျိုးသား ရေခဲပြင်စကိတ်ကွင်းကြီးမှာ ကျင်းပသွားမှာပါ။
ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ အဲဒီ ပွဲတော်ကြီးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူတူစက်ရုပ်တွေရဲ့ လှုပ်ရှားနိုင်မှု၊ ဟန်ချက်ညီမှု၊ ပူးပေါင်းလုပ်ဆောင်နိုင်မှုနဲ့ လက်တွေ့လုပ်ငန်းခွင်တွေမှာ အသုံးပြုနိုင်မယ့် အခြေအနေတွေကို စမ်းသပ်ဖို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ပထမအကြိမ် ပြိုင်ပွဲမှာတော့ နိုင်ငံ ၁၆ နိုင်ငံက စက်ရုပ် ၅၀၀ ကျော်ပဲ ပါဝင်ခဲ့တာဖြစ်လို့ ဒီနှစ်မှာတော့ ပိုပြီး ကြီးကျယ်ခမ်းနားလာမယ့် အနေအထားမှာ ရှိနေပါတယ်။
Ref : Technology Innovation