ကိုယ်ခန္ဓာ လေဖြတ်နေတဲ့ ဗြိတိသျှ စစ်မှုထမ်းဟောင်း Jon L. Noble ဟာ Neuralink ရဲ့ ဦးနှောက်အတွင်း ထည့်သွင်းရတဲ့ ချစ်ပ်ပြားကို အသုံးပြုပြီး ခွဲစိတ်ပြီး ရက်ပေါင်း ၈၀ အတွင်းမှာပဲ World of Warcraft ဂိမ်းကို စိတ်အာရုံနဲ့တင် ကစားပြနိုင်ခဲ့ပါတယ်။ ဒါဟာ နည်းပညာလောကအတွက်တော့ အံ့ဩစရာကောင်းတဲ့ တိုးတက်မှုတစ်ခုပါပဲ။

ဒီခွဲစိတ်မှုကိုတော့ စက်ရုပ်စနစ်ကို အသုံးပြုပြီး သူ့ရဲ့ ဦးနှောက်လှုပ်ရှားမှု ထိန်းချုပ်တဲ့နေရာမှာ ချစ်ပ်ပြား တပ်ဆင်ခဲ့တာပါ။ ဦးနှောက်ရဲ့ အချက်ပြလှိုင်းတွေကို အတိအကျ ဖတ်ယူနိုင်ဖို့အတွက် အလွန်သေးငယ်တဲ့ နန်းကြိုးမျှင်ပေါင်း ၁,၀၂၄ ချောင်းကို အသုံးပြုထားတာ ဖြစ်ပါတယ်။

ခွဲစိတ်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတင် သူဟာ ကွန်ပျူတာ မောက်စ်ကို ရွှေ့တာ၊ စာရိုက်တာတွေကနေတစ်ဆင့် ကွန်ပျူတာတစ်လုံးလုံးကို စိတ်နဲ့တင် ထိန်းချုပ်နိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ်။ ရက်ပေါင်း ၈၀ ပြည့်တဲ့အခါမှာတော့ မောက်စ် ဒါမှမဟုတ် ကီးဘုတ်ကို ကိုင်စရာမလိုဘဲ ခက်ခဲတဲ့ ဂိမ်းကစားကွက်တွေကိုတောင် စိတ်ကြိုက် ကစားနိုင်လာခဲ့တာပါ။
ဒီဖြစ်ရပ်ဟာ လူသားနဲ့ ကွန်ပျူတာ တိုက်ရိုက်ချိတ်ဆက်နိုင်မယ့် နည်းပညာရဲ့ အလားအလာကို ပြသနေတာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ဒါဟာ စမ်းသပ်ဆဲကာလဖြစ်ပြီး လူတစ်ဦးတည်းအပေါ်မှာပဲ စမ်းသပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အနာဂတ်မှာတော့ ဒီနည်းပညာက မသန်စွမ်းသူတွေအတွက် အဆင်ပြေစေမယ့် မျှော်လင့်ချက်အသစ် ဖြစ်လာနိုင်ပါတယ်။
Ref : Fossbytes