သိပ္ပံပညာရှင်တွေဟာ သက်ရှိကြွက်ရဲ့ ဦးနှောက်ဆဲလ်တွေကို ကွန်ပျူတာချစ်ပ်ပြားတွေနဲ့ ချိတ်ဆက်ပြီး AI (ဉာဏ်ရည်တု) တစ်ခုလို အလုပ်လုပ်နိုင်အောင် လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ဇီဝဗေဒနဲ့ နည်းပညာကို ပေါင်းစပ်ပြီး ဦးနှောက်ဆဲလ်တွေကိုယ်တိုင်က တွက်ချက်မှုတွေ လုပ်ဆောင်နိုင်တဲ့ “ဇီဝကွန်ပျူတာ” စနစ်သစ်တစ်ခုကို ဖန်တီးလိုက်တာပဲ ဖြစ်ပါတယ်။

ဒီစနစ်မှာ ဦးနှောက်ဆဲလ်တွေကို အပေါက်ငယ်လေးပေါင်း ၁၂၈ ခုထဲ စနစ်တကျ ထည့်သွင်းပြီး လျှပ်စစ်လှိုင်းတွေနဲ့ ချိတ်ဆက်ပေးထားပါတယ်။ အဲဒီဆဲလ်တွေဟာ ပြင်ပကနေ တစ်ယောက်ယောက်က ခိုင်းစရာမလိုဘဲ လျှပ်စစ်အချက်ပြမှုတွေကို သူ့အလိုအလျောက် တုံ့ပြန်သင်ယူနိုင်စွမ်း ရှိပါတယ်။ စမ်းသပ်ချက်အရ ဒီဆဲလ်တွေဟာ ရှုပ်ထွေးတဲ့ လှိုင်းပုံစံတွေကို တိကျမှု ၈၀ ရာခိုင်နှုန်းကျော်အထိ ဖန်တီးပြနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အားနည်းချက်အနေနဲ့ကတော့ ဆဲလ်တွေကို လေ့ကျင့်ပေးတာ ရပ်လိုက်ရင် စွမ်းဆောင်ရည် ပြန်ကျသွားတာမျိုးနဲ့ အချက်ပြမှုတွေ ပေးပို့ရာမှာ အနည်းငယ် ကြန့်ကြာနေတာမျိုးတွေ ရှိပါသေးတယ်။ လက်ရှိမှာတော့ အလွန်မြန်တဲ့ အချက်ပြမှုတွေကို ကိုင်တွယ်ဖို့ ခက်ခဲနေပါသေးတယ်။
အနာဂတ်မှာတော့ ဒီနည်းပညာကို အဆင့်မြှင့်တင်ပြီး လူသားတွေရဲ့ အသိဉာဏ်နဲ့ စက်ပစ္စည်းတွေကို တိုက်ရိုက်ချိတ်ဆက်တဲ့နေရာမှာ သုံးလာနိုင်ပါတယ်။ အထူးသဖြင့် မသန်စွမ်းသူတွေအတွက် ခန္ဓာကိုယ်အစိတ်အပိုင်းတုတွေကို စိတ်နဲ့ခိုင်းစေနိုင်မယ့် နည်းပညာတွေနဲ့ မျိုးဆက်သစ် AI စနစ်တွေအတွက် အားကိုးရမယ့် ခြေလှမ်းသစ်တစ်ခု ဖြစ်လာမှာပါ။
Ref : gizmochina