လျှပ်စစ်ကားလောကကို ဆန်းသစ်ခဲ့တဲ့ Tesla ရဲ့ အထင်ကရ Model S နဲ့ Model X တို့ဟာ ၁၄ နှစ်ကြာ ခရီးကြမ်းနှင်ခဲ့ပြီးနောက် အခုတော့ လမ်းခွဲခဲ့ကြပါပြီ။ Elon Musk က ဒီမော်ဒယ်နှစ်ခုလုံး ထုတ်လုပ်မှုရပ်ဆိုင်းလိုက်ပြီလို့ တရားဝင်ကြေညာလိုက်တာပါ။ လက်ရှိမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကားအစီးရေ ၆၀၀ ဝန်းကျင်ပဲ လက်ကျန်ရှိတော့တာဖြစ်လို့ ဒါဟာ “နောက်ဆုံးလက်ကျန်” တွေ ဖြစ်လာတော့မှာပါ။

အခုအချိန်ကစပြီး စိတ်ကြိုက်မှာယူတာမျိုး (Custom Order) လုပ်လို့မရတော့ဘဲ စက်ရုံတွေထဲမှာ ကျန်နေတဲ့ကားတွေကိုပဲ ဦးသူစနစ်နဲ့ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ၂၀၁၂ မှာ Model S ၊ ၂၀၁၅ မှာ Model X ဆိုပြီး စတင်ထွက်ရှိခဲ့တုန်းက လျှပ်စစ်ကားဆိုတာ ပျင်းစရာကောင်းတယ်ဆိုတဲ့ အယူအဆကို ရိုက်ချိုးခဲ့တဲ့ ဒီကားတွေအတွက် ဂုဏ်ပြုပွဲတစ်ခု ကျင်းပပေးဦးမယ်လို့လည်း Musk က ဆိုပါတယ်။

ဒီလိုမျိုး မော်ဒယ်ဟောင်းတွေကို လက်တွဲဖြုတ်လိုက်ရတာက အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ Tesla ဟာ ၂၀၂၅ ခုနှစ်ကတည်းက လူမပါဘဲမောင်းတဲ့ (Autonomy) စနစ်နဲ့ စက်ရုပ် (Robotics) ထုတ်လုပ်ရေးဘက်ကို အားစိုက်တော့မယ်လို့ အရိပ်အယောင်ပြခဲ့တာပါ။ အထူးသဖြင့် Fremont စက်ရုံက နေရာလွတ်တွေကို Optimus စက်ရုပ်တွေ အမြောက်အမြားထုတ်ဖို့အတွက် အစားထိုး အသုံးချသွားတော့မှာ ဖြစ်ပါတယ်။
ဒီမော်ဒယ်နှစ်ခုပေါင်းဟာ တစ်ကမ္ဘာလုံးမှာ အစီးရေ ၆ သိန်းကျော်အထိ ရောင်းချခဲ့ရပြီး Tesla ကို ဒီနေ့ဒီအခြေအနေထိ ရောက်အောင် တွန်းတင်ပေးခဲ့တဲ့ “သူရဲကောင်း” တွေလို့တောင် တင်စားလို့ရပါတယ်။ အခုတော့ သူတို့နေရာမှာ AI နဲ့ စက်ရုပ်နည်းပညာသစ်တွေက အစားထိုးဝင်ရောက်လာတော့မှာဖြစ်လို့ Tesla ရဲ့ အနာဂတ်က ပိုပြီးရင်ခုန်ဖို့ ကောင်းလာဦးမှာပါ။
Ref : Fossbytes