တရုတ်ရိုဘော့နည်းပညာကုမ္ပဏီ Unitree Robotics ဟာ သူတို့ရဲ့ ဈေးအသက်သာဆုံး လူတူ စက်ရုပ်ကို လာမယ့်အပတ်မှာ ကမ္ဘာတစ်ဝှမ်းကို စတင်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ ဒါဟာ လူသုံးကုန် စက်ရုပ်နည်းပညာလောကအတွက် ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်လာမယ့်ပုံပါပဲ။

အဲဒီ R1 အမျိုးအစား စက်ရုပ်ကို Alibaba ရဲ့ AliExpress မှာရှိတဲ့ Brand+ channel ကနေတစ်ဆင့် မြောက်အမေရိက၊ ဥရောပ၊ ဂျပန်နဲ့ စင်ကာပူနိုင်ငံဈေးကွက်တွေကို အဓိကထား ရောင်းချသွားမှာ ဖြစ်ပါတယ်။ အဲဒီချန်နယ်ကနေတစ်ဆင့် ဝယ်ယူရင် ကမ္ဘာအနှံ့ ပို့ဆောင်ပေးသလို ပစ္စည်းပြန်လဲပေးတဲ့ ဝန်ဆောင်မှုတွေပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။

R1 စက်ရုပ်ရဲ့ တရုတ်နိုင်ငံအတွင်း ဈေးနှုန်းဟာ ဒေါ်လာ ၄,၃၇၀ (ယွမ် ၂၉,၉၀၀) ဝန်းကျင်ပဲ ရှိတာကြောင့် လက်ရှိဈေးကွက်ထဲမှာ ဈေးအသက်သာဆုံး လူတူစက်ရုပ်တွေထဲက တစ်ခု ဖြစ်လာပါတယ်။ နိုင်ငံတကာဈေးကွက်အတွက် ဈေးနှုန်းကိုတော့ လောလောဆယ် အတည်မပြုရသေးပါဘူး။
အရပ် ၄ ပေနီးပါး (၁၂၃ စင်တီမီတာ) မြင့်ပြီး အလေးချိန် ၅၉ ပေါင်ရှိတဲ့ R1 စက်ရုပ်ဟာ သွက်လက်ရုံတင်မကဘဲ အားကစားသမားတစ်ယောက်လို ကျွမ်းကျင်တဲ့ လှုပ်ရှားမှုတွေပါ လုပ်နိုင်ပါတယ်။ သူဟာ ဂျွမ်းထိုးတာ၊ လဲကျရာကနေ အမြန်ပြန်ထတာနဲ့ ကုန်းဆင်းတွေမှာ ပြေးတာမျိုးတွေကိုပါ လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။
Ref : Technology Innovation