ဥရောပရဲ့ ပထမဆုံး စီးပွားဖြစ် မောင်းသူမဲ့တက္ကစီ (Robotaxi) ဝန်ဆောင်မှုကို ခရိုအေးရှားနိုင်ငံ၊ ဇာဂရက်မြို့မှာ Verne ကုမ္ပဏီက စတင်လိုက်ပြီ ဖြစ်ပါတယ်။ Uber နဲ့ တရုတ်နည်းပညာကုမ္ပဏီ Pony.ai တို့ရဲ့ ကျောထောက်နောက်ခံနဲ့ ဖန်တီးထားတဲ့ အဆိုပါ ဝန်ဆောင်မှုကို အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားအစီးရေ ၁၀ စီးနဲ့ လက်ရှိမှာ အကန့်အသတ်နဲ့ စတင်ပြေးဆွဲပေးနေတာပါ။
အခု စမ်းသပ်ကာလမှာတော့ ဘေးကင်းလုံခြုံရေးအတွက် လူသားယာဉ်မောင်းတစ်ဦး အနောက်မှာ ထိုင်နေပေးပေမဲ့ ကားကတော့ သူ့အလိုလို မောင်းနှင်သွားတာ ဖြစ်ပါတယ်။ အစမ်းစီးနင်းခဲ့သူတွေရဲ့ ပြောပြချက်အရ ရှုပ်ထွေးလှတဲ့ ယာဉ်ကြောတွေကြားမှာတောင် ဘရိတ်ဖမ်းတာ၊ လမ်းကွေ့တာတွေက အလွန်ချောမွေ့နေပြီး အရှေ့က ကားတစ်စီး လမ်းမှားဝင်လာတာမျိုး ကြုံရရင်တောင် ရိုဘော့ကားက အေးအေးဆေးဆေးပဲ ရပ်တန့်ပေးနိုင်တယ်လို့ သိရပါတယ်။

လက်ရှိမှာ တစ်ခေါက်စီးရင် ၂ ယူရို (မြန်မာငွေ ၈,၀၀၀ ကျော်) ဝန်းကျင်ပဲ ကျသင့်တာကြောင့် စီးနင်းချင်သူ ၄,၀၀၀ ကျော်က စောင့်ဆိုင်းစာရင်းမှာ ရှိနေပါတယ်။ Verne ကုမ္ပဏီကတော့ ဒီနှစ်ကုန်ပိုင်းမှာ လူသားယာဉ်မောင်း လုံးဝမပါတဲ့ အဆင့်အထိ တိုးမြှင့်ဖို့ ပြင်ဆင်နေသလို ဥရောပနဲ့ အရှေ့အလယ်ပိုင်းက တခြားမြို့ကြီးပေါင်း ၃၀ အထိပါ ဝန်ဆောင်မှု တိုးချဲ့သွားဖို့ ရည်မှန်းထားပါတယ်။
Ref : Bangkokpost