Trump Mobile ကုမ္ပဏီကနေ ပြီးခဲ့တဲ့ ဇွန်လကတည်းက ကြေညာခဲ့တဲ့ T1 Phone တွေဟာ အခုအပတ်နှောင်းပိုင်းမှာတော့ ဝယ်ယူသူတွေဆီ တကယ်ပဲ စတင်ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကို ကုမ္ပဏီ CEO Pat O’Brien က အတည်ပြုလိုက်တာဖြစ်ပြီး ဖုန်းရဲ့ပုံရိပ်တွေနဲ့ ဗီဒီယိုအချို့ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ တကယ်တော့ အဲဒီ T1 Phone ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ထွက်ရှိရမှာဖြစ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အကြိမ်ကြိမ် ရက်ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

ထူးခြားချက်တစ်ခုကတော့ အဲဒီဖုန်းကို အစောပိုင်းမှာ အမေရိကန်နိုင်ငံမှာပဲ ထုတ်လုပ်မယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ အခုအခါမှာတော့ တခြားနိုင်ငံမှာပဲ ထုတ်လုပ်တာဖြစ်ကြောင်း အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ CEO ကတော့ ဖုန်းထွက်ဖို့ ကြန့်ကြာခဲ့ပေမဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခု ဖြစ်လာမှာမို့ စောင့်ရကျိုးနပ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နည်းပညာလေ့လာသူတွေကတော့ အဲဒီဖုန်းရဲ့ ပုံပန်းသဏ္ဍာန်နဲ့ Specs တွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက ထွက်ခဲ့တဲ့ HTC U24 Pro နဲ့ အတော်လေး တူညီနေတာကို သတိပြုမိနေကြပါတယ်။

T1 Phone ကို အမေရိကန်ဒေါ်လာ ၄၉၉ နဲ့ ရောင်းချမှာဖြစ်ပြီး လက်ရှိဖုန်းအသစ်တွေနဲ့မတူဘဲ ဖုန်းဘူးထဲမှာ အားသွင်းခေါင်း၊ USB-C ကြိုးနဲ့ ဆီလီကွန်ကာဗာ (Case) တို့ကို တစ်ခါတည်း ထည့်ပေးထားမှာ ဖြစ်ပါတယ်။ ဖုန်းအတွင်းပိုင်းမှာ ဘယ်လို Chipset အမျိုးအစားကို အသုံးပြုထားလဲဆိုတာကိုတော့ အခုထိ လျှို့ဝှက်ထားဆဲဖြစ်ပြီး ပထမဆုံးဝယ်ယူထားတဲ့ “ကံကောင်းသူ” တွေဆီ ဖုန်းရောက်သွားတဲ့အခါမှာတော့ အဲဒီလျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။
Ref : gsmarena