တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အတွက် တည်ခင်းဧည့်ခံတဲ့ နိုင်ငံတော်ဂုဏ်ပြုညစာစားပွဲမှာ အိုင်ဖုန်းမှန်ချပ်တွေ ထုတ်လုပ်တဲ့ Lens Technology ကုမ္ပဏီရဲ့ အကြီးအကဲ ကျိုးချန်ဖေး (Zhou Qunfei) ဟာ အားလုံးက အားကျရလောက်တဲ့ နေရာတစ်ခုမှာ ထိုင်ခုံရရှိခဲ့ပါတယ်။ သူမဟာ တရုတ်နဲ့ အမေရိကန်က ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများစွာ တက်ရောက်ခဲ့တဲ့ အဆိုပါပွဲကြီးမှာ သူမရဲ့ အရေးအကြီးဆုံး ဖောက်သည်ကြီးနှစ်ဦးဖြစ်တဲ့ Apple CEO တင်မ်ကွတ် (Tim Cook) နဲ့ Tesla တည်ထောင်သူ အီလွန်မတ်စ် (Elon Musk) တို့ရဲ့အလယ်မှာ ထိုင်ခုံနေရာရရှိခဲ့လို့ လူပြောများနေတာ ဖြစ်ပါတယ်။

Profile | Zhou Qunfei: ex-security guard rises to become world's richest  self-made woman entrepreneur | South China Morning Post

ဒီလို နိုင်ငံတကာက ဘီလီယံနာသူဌေးကြီးတွေကြားထဲမှာ ဝင်ဆံ့နေတဲ့ ကျိုးချန်ဖေးရဲ့ ဘဝဇာတ်ကြောင်းကတော့ တကယ့်ကို ရုပ်ရှင်တစ်ကားလို စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ သူမဟာ ၁၉၇၀ ပြည့်နှစ်မှာ ဟူနန်ပြည်နယ်က ဆင်းရဲလွန်းတဲ့ ကျေးလက်မိသားစုကနေ မွေးဖွားခဲ့ပြီး အသက် ၁၅ နှစ်အရွယ်မှာတင် ကျောင်းထွက်ကာ ရှန်ကျန်းမြို့က စက်ရုံတွေမှာ အလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အသက် ၂၃ နှစ်အရွယ် ၁၉၉၃ ခုနှစ်မှာတော့ ဆွေမျိုးအချို့နဲ့အတူ လက်ပတ်နာရီမှန်ပေါ်မှာ ပုံနှိပ်တဲ့ လုပ်ငန်းအသေးလေးတစ်ခုကို ကိုယ်ထူကိုယ်ထ စတင်တည်ထောင်ခဲ့ပြီး နောက်ဆယ်စုနှစ်တစ်ခုအကြာမှာ Lens Technology ကုမ္ပဏီကြီး ဖြစ်လာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် အိုင်ဖုန်းစတင်မိတ်ဆက်ချိန်မှာ Apple ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် (Supply Chain) ထဲမှာ မှန်ချပ်ပံ့ပိုးသူအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပြီးနောက် သူမရဲ့ကုမ္ပဏီဟာ ကမ္ဘာကျော်သွားခဲ့တာပါ။

Zhou Qunfei: From factory worker to China's second-richest woman | Jing  Daily

အိုင်ဖုန်း ကမ္ဘာတစ်ဝှမ်း အောင်မြင်လာတာနဲ့အမျှ Apple ဟာ Lens ကုမ္ပဏီရဲ့ အကြီးဆုံးဖောက်သည် ဖြစ်လာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ကုမ္ပဏီကို စတော့အိတ်ချိန်းမှာ စာရင်းသွင်းနိုင်ခဲ့တာကြောင့် ဂျိုးချန်ဖေးဟာ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ကိုယ့်ဒူးကိုယ်ချွန် အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ်မှာ ဟောင်ကောင်စတော့အိတ်ချိန်းအထိပါ လုပ်ငန်းတိုးချဲ့ စာရင်းသွင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ စတော့ဈေးကွက်ပိတ်ချိန်မှာတော့ Lens ကုမ္ပဏီရဲ့ ရှန်ကျန်းစတော့ရှယ်ယာတန်ဖိုးဟာ ၅.၉ ရာခိုင်နှုန်းနီးပါး ထပ်မံမြင့်တက်ခဲ့ပြီး ကုမ္ပဏီတစ်ခုလုံးရဲ့ ကာလပေါက်ဈေးတန်ဖိုးဟာ ယွမ် ၁၈၀.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၆.၆ ဘီလီယံ) ခန့်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Ref : South China Morning Post