ကယ်လီဖိုးနီးယားအခြေစိုက် Figure AI ကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ လူတူစက်ရုပ် (Humanoid Robot) တွေဟာ နည်းပညာလောကကို အံ့အားသင့်စေမယ့် စံချိန်သစ်တစ်ခုကို တင်လိုက်ပြန်ပါပြီ။ ကနဦးက ၈ နာရီကြာပဲ စမ်းသပ်ဖို့ ပြင်ဆင်ထားခဲ့ပေမဲ့ ထူးခြားချက်အနေနဲ့ တစ်စုံတစ်ရာ ချို့ယွင်းမှု လုံးဝမရှိဘဲ အဆင်ပြေနေတာကြောင့် စမ်းသပ်မှုကို ဆက်တိုက်လုပ်ဆောင်ခဲ့ရာမှာ ၂၄ နာရီကျော်ကြာတဲ့အထိ မနားတမ်း အလုပ်လုပ်ပြနိုင်ခဲ့ပါတယ်။ အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှုကို ကြည့်ရှုနေတဲ့ ပရိသတ်တွေကလည်း သဘောကျလွန်းလို့ ဒီလူတူစက်ရုပ် သုံးကောင်ကို ဘော့ဘ် (Bob) ၊ ဖရန့်ခ် (Frank) နဲ့ ဂယ်ရီ (Gary) ဆိုပြီး ချစ်စနိုး အမည်ပေးထားကြပါတယ်။

ကုမ္ပဏီရဲ့ အဆင့်မြင့် Helix-02 AI စနစ်ကို မောင်းနှင်ထားတဲ့ ဒီလူတူစက်ရုပ်တွေဟာ လူသားတွေရဲ့ ထိန်းချုပ်မှု ဒါမှမဟုတ် အမိန့်ပေးမှု လုံးဝမပါဘဲ ပါဆယ်ထုပ်တွေကို အချိန်ပြည့် စနစ်တကျ ခွဲခြားပေးနေတာ ဖြစ်ပါတယ်။ အခုလို ၂၄ နာရီကျော် မနားတမ်း အလုပ်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ စက်ရုပ်တွေဟာ ပါဆယ်ထုပ်ပေါင်း ၂၈,၀၀၀ ကျော်ကို အောင်မြင်စွာ ကိုင်တွယ်ခွဲခြားပေးနိုင်ခဲ့ပါတယ်။ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတာက ၎င်းတို့ဟာ သေတ္တာတွေ၊ စာအိတ်တွေနဲ့ အကာအကွယ်ပါတဲ့ ပါဆယ်အိတ်တွေကို လူသားအလုပ်သမားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းနှုန်းနီးပါး မြန်ဆန်သွက်လက်စွာနဲ့ ကိုင်တွယ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီလူတူစက်ရုပ်တွေဟာ သူတို့ရဲ့ ကိုယ်ထည်မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေနဲ့ AI နည်းပညာကို အသုံးပြုပြီး ကုန်ပစ္စည်းတွေပေါ်က ဘားကုဒ် (Barcode) တွေကို အလိုအလျောက် ရှာဖွေဖတ်ရှုတာ၊ ပါဆယ်ထုပ်တွေကို အကဲဖြတ်ပြီး ကောက်ယူတာနဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ စက်ပတ်ကြိုး (Conveyor Belt) ပေါ်ကို တိကျသေချာစွာ နေရာချထားတာတွေကို လုပ်ဆောင်ခဲ့တာပါ။ အခုလို လူသားတွေလိုပဲ ပင်ပန်းနွမ်းနယ်မှုမရှိဘဲ ရေရှည်အလုပ်လုပ်နိုင်စွမ်းရှိကြောင်း သက်သေပြလိုက်တဲ့ အောင်မြင်မှုဟာ အနာဂတ်ရဲ့ ကုန်ပစ္စည်းသိုလှောင်ရုံ (Warehouse) လုပ်ငန်းခွင်တွေမှာ လူတူစက်ရုပ်တွေ အစားထိုးဝင်ရောက်လာတော့မယ့် အလားအလာကို ပိုမိုနီးစပ်စေခဲ့ပြီ ဖြစ်ပါတယ်။
Ref : Technology Innovation