ဗြိတိန်အခြေစိုက် စက်ရုပ် ကုမ္ပဏီဖြစ်တဲ့ ‘Humanoid’ ဟာ ၎င်းတို့ရဲ့ ဘီးတပ်လူတူစက်ရုပ် (Wheeled humanoid robot) အစီးရေ ထောင်နဲ့ချီကို ကမ္ဘာတစ်ဝန်းက စက်ရုံတွေမှာ ဖြန့်ကြက်အသုံးပြုဖို့အတွက် ဂျာမနီနိုင်ငံရဲ့ မော်တော်ယာဉ်အစိတ်အပိုင်း ထောက်ပံ့ရေးကုမ္ပဏီကြီးဖြစ်တဲ့ Schaeffler နဲ့ အဓိကသဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီအစီအစဉ်အရ ပထမဆုံး လူတူစက်ရုပ်အုပ်စုကို ၂၀၂၆ ခုနှစ် ကုန်ပိုင်းမှာ ဂျာမနီနိုင်ငံရှိ Schaeffler ရဲ့ စက်ရုံနှစ်ရုံမှာ စတင်တာဝန်ပေးအပ်မှာဖြစ်ပြီး ၂၀၂၇ ခုနှစ်နဲ့ နောက်ပိုင်းနှစ်တွေမှာတော့ လုပ်ငန်းခွင်တစ်ခုလုံးကို အပြည့်အဝ ဖြန့်ကြက်သွားမှာ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ရေရှည်စီမံကိန်းအရ ၂၀၃၂ ခုနှစ်အရောက်မှာ လူတူစက်ရုပ်အရေအတွက်ကို လေးဂဏန်းအထိ တိုးမြှင့်ချထားဖို့ ရည်မှန်းထားတဲ့အတွက် ဒါဟာ လက်ရှိအချိန်အထိ ကြေညာထားသမျှထဲမှာ အကြီးမားဆုံး လူတူစက်ရုပ် ဖြန့်ကြက်မှုတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

အဆိုပါ လူတူစက်ရုပ်တွေထဲက အချို့ကို Herzogenaurach စက်ရုံရဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေထဲမှာ ကုန်သေတ္တာတွေ ရွှေ့ပြောင်းတဲ့ လုပ်ငန်းတွေကို တိုက်ရိုက်လုပ်ကိုင်စေမှာဖြစ်ပြီး Schweinfurt စက်ရုံမှာတော့ စက်မှုလုပ်ငန်းခွင်တွေထဲ ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုခင် စမ်းသပ်စစ်ဆေးမှုတွေကို အရင်ဆုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုဟာ Robot-as-a-Service (RaaS) လို့ခေါ်တဲ့ ဝန်ဆောင်မှုစနစ်နဲ့ လုပ်ဆောင်တာဖြစ်တဲ့အတွက် လူတူစက်ရုပ်တွေရဲ့ လည်ပတ်မှု၊ ဆော့ဖ်ဝဲလ်မြှင့်တင်မှု၊ ပြုပြင်ထိန်းသိမ်းမှုနဲ့ ၂၄ နာရီပတ်လုံး နည်းပညာပံ့ပိုးမှု အားလုံးကို Humanoid ကုမ္ပဏီကပဲ တာဝန်ယူ စီမံခန့်ခွဲပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကုမ္ပဏီနှစ်ခုဟာ ၅ နှစ် သက်တမ်းရှိတဲ့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်ကိုပါ သဘောတူညီခဲ့ကြပြီး Schaeffler ကုမ္ပဏီဘက်ကလည်း Humanoid ရဲ့ လူတူစက်ရုပ်တွေအတွက် အဓိကလိုအပ်တဲ့ Actuators လို့ခေါ်တဲ့ စက်ရုပ်လှုပ်ရှားမှု အစိတ်အပိုင်းတွေကို ပြန်လည်ပံ့ပိုး ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အခုလို လူတူစက်ရုပ်တွေကို စက်မှုကုန်ထုတ်လုပ်ငန်းခွင်တွေထဲ အများအပြား အစားထိုး အသုံးပြုလာတာဟာ ကမ္ဘာ့စက်ရုံလည်ပတ်မှု ပုံစံတွေကို နည်းပညာနဲ့ အရှိန်အဟုန်မြှင့် ပြောင်းလဲပစ်ဖို့ ပြင်ဆင်လာတဲ့ ထူးခြားတဲ့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။
Ref : Technology Innovation