Google ရဲ့ ၂၀၂၆ I/O ပွဲကြီးကနေ နည်းပညာလောကကို လှုပ်ခတ်စေမယ့် “Continue On” ဆိုတဲ့ Android 17 ရဲ့ လုပ်ဆောင်ချက်အသစ်တစ်ခုကို ချပြလိုက်ပါတယ်။ အဲဒီလုပ်ဆောင်ချက်က Android ဖုန်းတစ်လုံးမှာ လုပ်လက်စဖြစ်နေတဲ့ အလုပ်တွေကို တခြား Android Device မှာ ဆက်လုပ်နိုင်အောင် ဖန်တီးပေးထားတာဖြစ်ပါတယ်။ အက်ပလီကေးရှင်း ဖန်တီးသူတွေအနေနဲ့လည်း သူတို့ရဲ့ အက်ပ်တွေမှာ ဒီစနစ်ကို ထည့်သွင်းပေးနိုင်တော့မှာဖြစ်ပါတယ်။

Handoff suggestion appears in the tablet's taskbar

မြင်သာအောင် ပြောရရင်တော့ Google Docs အသုံးပြုပြီး ဖုန်းထဲမှာ စာရိုက်နေရင်းကနေ အကောင့်တစ်ခုတည်း ချိတ်ဆက်ထားတဲ့ Android တက်ဘလက်ဆီ ပြောင်းပြီး ဆက်ရိုက်ချင်တဲ့အခါ တက်ဘလက်ရဲ့ Taskbar မှာ ပေါ်လာမယ့် အကြံပြုချက်လေးကို နှိပ်လိုက်ရုံနဲ့တင် အလုပ်မပြတ် ဆက်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီစနစ်က အပြန်အလှန် အလုပ်လုပ်နိုင်တာကြောင့် ဘယ် Android Device ကမဆို အချက်အလက်တွေကို ပေးပို့နိုင်သလို လက်ခံရယူနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ စတင်မိတ်ဆက်တဲ့အချိန်မှာတော့ ဖုန်းကနေ တက်ဘလက်ဆီ ပြောင်းရွှေ့တဲ့စနစ်ကိုပဲ အရင်ဆုံး အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

“Continue On” မှာ စနစ်နှစ်မျိုးပါဝင်ပြီး အက်ပ်အချင်းချင်း ချိတ်ဆက်တာ (App-to-App) နဲ့ ဝဘ်ဆိုက်ကနေတစ်ဆင့် ချိတ်ဆက်တာ (Web handoff) တို့ဖြစ်ပါတယ်။ အက်ပ်အချင်းချင်း ချိတ်ဆက်တာက ဖုန်းမှာ လုပ်လက်စနေရာကနေ တက်ဘလက်ရဲ့ အက်ပ်ထဲမှာ တိုက်ရိုက်ဆက်လုပ်နိုင်တာဖြစ်ပြီး၊ ဝဘ်ဆိုက်ကနေ ချိတ်ဆက်တာကတော့ ဖုန်းက Gmail အက်ပ်မှာ အီးမေးလ်ရေးနေတာကို တက်ဘလက်ရဲ့ Web Browser ကနေတစ်ဆင့် ဆက်ရေးနိုင်တာမျိုးဖြစ်ပါတယ်။ တကယ်လို့ တက်ဘလက်မှာ အဲဒီအက်ပ်သွင်းမထားဘူးဆိုရင်လည်း Browser ကနေတစ်ဆင့် အလိုအလျောက် ပွင့်လာပြီး ဆက်လုပ်နိုင်အောင် စီစဉ်ပေးထားကာ အဲဒီစနစ်ကို Android 17 ထွက်ရှိလာတဲ့အခါမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref : gsmarena