တရုတ်နိုင်ငံက စက်ရုပ်တီထွင်သူတွေဟာ စက်ရုံအလုပ်ရုံတွေတင်မကဘဲ ပိုပြီးခက်ခဲရှုပ်ထွေးတဲ့ အိမ်တွင်းအလုပ်တွေကိုပါ လုပ်ဆောင်နိုင်ဖို့ စက်ရုပ်နည်းပညာကို လျင်လျင်မြန်မြန် တိုးချဲ့လာနေကြပါတယ်။ အခုလည်း GigaAI ကုမ္ပဏီကနေ နိုင်ငံရဲ့ ပထမဆုံး အထွေထွေသုံး အိမ်တွင်းသုံးလူတူစက်ရုပ်မော်ဒယ် “SeeLight S1” ကို ဗုဒ္ဓဟူးနေ့မှာ မိတ်ဆက်လိုက်ပါတယ်။ အဲဒီလူတူစက်ရုပ်ကို ၂၀၂၇ ခုနှစ် ပထမနှစ်ဝက်အတွင်း ဝူဟန်မြို့မှာရှိတဲ့ မိသားစုတွေဆီ အခမဲ့စမ်းသပ်နိုင်ဖို့ ပေးအပ်သွားမှာပါ။

လက်နှစ်ဖက်ပါပြီး ဘီးတပ်ထားတဲ့ လူတူစက်ရုပ်ဟာ ဟင်းသီးဟင်းရွက်လှီးတာ၊ ကြက်ဥကြော်တာ၊ အဝတ်လျှော်စက်ထဲ အဝတ်ထည့်တာ၊ အဝတ်လှန်းတာ၊ အိပ်ရာခင်းတာနဲ့ လိုက်ကာဖွင့်တာတွေကိုပါ ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်ကြောင်း သရုပ်ပြဗီဒီယိုမှာ တွေ့ရပါတယ်။ အဲဒီလူတူစက်ရုပ်ရဲ့ ဟာ့ဒ်ဝဲတန်ဖိုးကို ၂၀၂၇ ခုနှစ် ဇွန်လမှာ လက်ရှိပေါက်ဈေးရဲ့ တစ်ဝက်ဖြစ်တဲ့ ယွမ် ၁ သိန်းအောက်အထိ လျှော့ချဖို့ ရည်မှန်းထားပြီး ၂၀၂၈ ခုနှစ်မှာတော့ အိမ်သုံးလူတူစက်ရုပ်တွေရဲ့ စွမ်းဆောင်ရည်ပိုင်းဟာ အခုထက် သိသိသာသာ ပိုပြီးတိုးတက်လာလိမ့်မယ်လို့ ကုမ္ပဏီရဲ့ CEO က မျှော်လင့်ထားပါတယ်။

ပုံသေစနစ်တွေနဲ့ပဲ အလုပ်လုပ်တဲ့ စက်ရုံသုံးစက်ရုပ်တွေနဲ့မတူဘဲ S1 လူတူစက်ရုပ်ဟာ AI စနစ်အကူအညီနဲ့ လုပ်ငန်းတွေကို ကိုယ်တိုင်နားလည်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာကို အလိုအလျောက် စီစဉ်လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ အဲဒီလူတူစက်ရုပ် ၁၀၀ ကို ဒီလကုန်ပိုင်းမှာ နည်းပညာဝန်ထမ်းတွေရဲ့ နေအိမ်တွေမှာ စတင်စမ်းသပ်မှာဖြစ်ပြီး နောက်နှစ်မှာတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ ဒါမှမဟုတ် အိမ်မွေးတိရစ္ဆာန်တွေရှိတဲ့ ဝူဟန်မြို့က မိသားစုတွေဆီမှာ ဆက်လက်စမ်းသပ်သွားမှာ ဖြစ်ပါတယ်။

Ref : South China Morning Post