ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta  ဟာ ကလေးတွေကို ဆေးလိပ်လိုပဲ စွဲလမ်းအောင် တမင်ပုံစံထုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကင်တပ်ကီပြည်နယ်က စာသင်ကျောင်းတစ်ခုရဲ့ တရားစွဲဆိုထားမှုကို ရုံးတော်မရောက်ခင်မှာပဲ အပြေးအလွှား စေ့စပ်ဖြေရှင်းလိုက်ရပါတယ်။ ကင်တပ်ကီပြည်နယ်က အဲဒီကျောင်းဟာ ဆိုရှယ်မီဒီယာတွေကြောင့် ကျောင်းသားတွေ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျမှုနဲ့ မိမိကိုယ်ကိုယ် နာကျင်အောင်လုပ်တဲ့အထိ စိတ်ပိုင်းဆိုင်ရာ ပျက်စီးနေရလို့ ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးတွေကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ Meta အပြင် တိခ်တော့ (TikTok)၊ စနက်ပ် (Snap) နဲ့ ယူကျု (YouTube) တို့ပါ အဲဒီကျောင်းနဲ့ လျှို့ဝှက်စေ့စပ်နိုင်ခဲ့ကြပြီး သဘောတူညီချက် အသေးစိတ်ကိုတော့ ထုတ်မပြောဘဲ ဖုံးကွယ်ထားကြပါတယ်။

Meta settles first US case over school costs tied to youth mental health,  court filing shows | Reuters

ဒီတရားစွဲဆိုမှုမှာ ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေး ကုသပေးဖို့နဲ့ ပြဿနာတွေကို ပြန်လည်ကုစားမယ့် ၁၅ နှစ်ကြာ စီမံကိန်းအတွက် ဒေါ်လာ သန်း ၆၀ ကျော်အထိ နစ်နာကြေး တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေကို အက်ပ်ထဲကနေ ရုန်းမထွက်နိုင်အောင် ဖမ်းစားထားတဲ့ “အဆုံးမရှိ အောက်ကို ဆွဲကြည့်လို့ရတဲ့ စနစ် (Infinite scroll)” နဲ့ “ဗီဒီယိုအလိုအလျောက် ပွင့်တဲ့စနစ် (Autoplay)” စတဲ့ လုပ်ဆောင်ချက်တွေကို အမြန်ဆုံး ဖြုတ်ချပေးဖို့ပါ ရှေ့နေတွေက တရားရုံးမှာ ဖိအားပေးခဲ့ပါတယ်။ Metaဘက်ကတော့ ဒီအမှုကို အဆင်ပြေပြေ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ပြီး ဆယ်ကျော်သက်တွေ အွန်လိုင်းမှာ ဘေးကင်းဖို့နဲ့ မိဘတွေ ထိန်းချုပ်နိုင်မယ့် စနစ်တွေကိုပဲ အာရုံစိုက် လုပ်ဆောင်တော့မယ်လို့ ဆိုပါတယ်။

Meta settles social media addiction case brought by rural Kentucky school  district

ဒါပေမဲ့ Meta အတွက် ကံဆိုးမှုတွေကတော့ ပြီးဆုံးသွားခြင်း မရှိသေးပါဘူး။ အမေရိကန်တစ်ဝန်းက တခြားစာသင်ကျောင်းခရိုင် ၁,၂၀၀ ကျော်ကလည်း ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို ဖျက်ဆီးနေပါတယ်ဆိုပြီး ဒီကုမ္ပဏီတွေကို တရားစွဲဖို့ တန်းစီ စောင့်ဆိုင်းနေကြဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း Meta နဲ့  ယူကျုတို့ဟာ လော့စ်အိန်ဂျလိစ်က အလားတူအမှုတစ်ခုမှာ ရှုံးနိမ့်ခဲ့လို့ အမျိုးသမီးငယ်တစ်ဦးကို ဒေါ်လာ ၆ သန်း ပေးလျော်ခဲ့ရသလို၊ နယူးမက္ကဆီကို ပြည်နယ်မှာလည်း ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုကို ခွင့်ပြုထားသလို ဖြစ်နေတဲ့အတွက် ဒေါ်လာ ၃၇၅ သန်း အရပ်ဘက် ဒဏ်ငွေဆောင်ဖို့ အမိန့်ချမှတ်ခံခဲ့ရဖူးလို့ ဆိုရှယ်မီဒီယာ ဘီလူးကြီးတွေဟာ အကြီးအကျယ် အကျပ်ရိုက်နေပါတယ်။

Ref : The Guardian