တရုတ်နိုင်ငံ ယူနန်ပြည်နယ်က အလယ်အလတ်ပညာအရည်အချင်းပဲရှိတဲ့ အသက် ၂၉ နှစ်အရွယ် ရထားမောင်းသမားဟောင်း လျူဇီယု (Liu Ziyu) ဆိုတဲ့ လူငယ်ဟာ AI နည်းပညာကို အသုံးချပြီး ၁၀ ရက်တာအတွင်း  (တရုတ်ယွမ် ၃,၀၀၀ / ၄၄၀ ဒေါ်လာ) ပဲ အကုန်အကျခံကာ ရှော့ဖလင် (ဗီဒီယိုတို) တစ်ခု ဖန်တီးခဲ့ပါတယ်။ အဲဒီဗီဒီယိုကြောင့်ပဲ သူဟာ အခုအခါမှာ ဟောလိဝုဒ်ဒါရိုက်တာတစ်ဦးရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ရုံတင်မကဘဲ အလုပ်ပါ ကမ်းလှမ်းခံလိုက်ရတဲ့အထိ ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့ရပါတယ်။ သူဖန်တီးခဲ့တဲ့ “Zombie Scavenger” လို့ အမည်ရတဲ့ အဲဒီဗီဒီယိုတိုလေးကို ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က တရုတ်လူမှုကွန်ရက်တွေပေါ်မှာ စတင်တင်ခဲ့စဉ်ကတော့ ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။

Liu Ziyu, above, talks about the making of his short film. Photo: Weibo

ဒါပေမဲ့ နောက်တစ်နေ့မှာပဲ ဟောလိဝုဒ်ရဲ့ နာမည်ကြီး AI ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ PJ Accetturo က လူမှုကွန်ရက်ပေါ်မှာ အဲဒီဗီဒီယိုကို တွေ့ရှိသွားပြီး အထူးတလည် ညွှန်ကြားချီးကျူးလိုက်ရာကနေ ကမ္ဘာတစ်ဝန်းလုံးမှာ ဟိုးလေးတကျော် အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ အဲဒီဗီဒီယိုတိုလေးကို ကြည့်ရှုသူအကြိမ်ရေ သန်း ၆၀ ကျော်အထိ ရှိသွားပြီလို့ သိရပါတယ်။ ဟောလိဝုဒ်ဒါရိုက်တာ Accetturo က “ဒါဟာ ကျွန်တော် နှစ်ပေါင်းများစွာအတွင်း ကြည့်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး ရှော့ဖလင်တွေထဲက တစ်ခုပဲ” လို့တောင် ချီးကျူးစကားမျိုးကို ရေးသားခဲ့တာ ဖြစ်ပါတယ်။

A scene from the film, above, shows a robot cowboy riding an ostrich. Photo: Weibo

ဒါတင်မကသေးဘဲ Accetturo က “ဒီဗီဒီယိုကို ရိုက်ကူးတဲ့ ဒါရိုက်တာကို ရှာတွေ့နိုင်မယ့်သူရှိရင် သူ့ရဲ့ လူမှုကွန်ရက်အကောင့်တွေကို လင့်ခ်ချပေးကြပါဦး။ ကျွန်တော် သူ့ကို တကယ် အလုပ်ခန့်ချင်လို့ပါ၊ ဒါပေမဲ့ ရှာလို့မတွေ့သေးဘူး။ သူက တရုတ်နိုင်ငံက Douyin (TikTok) အသုံးပြုတဲ့ ဖန်တီးရှင်တစ်ယောက် ဖြစ်မယ်ထင်တယ်” လို့ ပြောခဲ့ပါတယ်။ အခုလို နည်းပညာကို ထိရောက်စွာ အသုံးချပြီး ငွေကုန်ကြေးကျအနည်းဆုံးနဲ့ ကမ္ဘာကျော် ဟောလိဝုဒ်အဆင့်အထိ မျက်စိကျခြင်းခံရတဲ့ ဖြစ်ရပ်ကတော့ AI ခေတ်ကြီးထဲမှာ ကိုယ်ပိုင်အရည်အချင်းရှိရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြလိုက်တဲ့ တကယ့်ကို စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

Ref : South China Morning Post