ဝေလပြည်နယ်က တောင်ပတ်လမ်းတစ်ခုမှာ ညဘက် ကားမောင်းလာတဲ့ နာတာလီယာ ဆီဒေါစကာ ဆိုတဲ့ အမျိုးသမီးဟာ အကွေ့တစ်ခုမှာ အရှိန်မထိန်းနိုင်ဘဲ ပေ ၃၃၀ အနက်ရှိတဲ့ တောင်အောက်ကို ကားနဲ့အတူ လိမ့်ဆင်း ပြုတ်ကျသွားခဲ့ပါတယ်။ ကားရပ်သွားတဲ့အချိန်မှာ မီးစွဲလောင်နေတာကြောင့် သူဟာ ကားထဲကနေ အသက်လုပြီး အပြင်ကို အမြန်ဆုံး ရုန်းထွက်ခဲ့ရပါတယ်။ သူ ကားထဲကနေ ရုန်းထွက်ပြီး ဝေးရာကို ပြေးပြီး စက္ကန့်ပိုင်းအကြာမှာပဲ ကားတစ်စီးလုံး ဝုန်းခနဲ ပေါက်ကွဲသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို သေမင်းနဲ့ လက်တစ်ကမ်းအလို ကြုံတွေ့နေရချိန်မှာ သူ့ရဲ့ iPhone ထဲမှာပါတဲ့ Crash Detection (ယာဉ်တိုက်မှု သိရှိနိုင်တဲ့ စနစ်) က အလိုအလျောက် အလုပ်လုပ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေဆီ အကြောင်းကြားပေးခဲ့ပါတယ်။ ဒီစနစ်ကြောင့်ပဲ မိနစ် ၂၀ အကြာမှာ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာပြီး သူ့ကို အချိန်မီ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ iPhone ရဲ့ ဒီနည်းပညာက ပြင်းပြင်းထန်ထန် ရိုက်ခတ်မှုကို သိရှိတာနဲ့ ၁၀ စက္ကန့်ကြာ Countdown စတင်ရေတွက်ပြီး အကြောင်းမပြန်ရင် ကယ်ဆယ်ရေးအဖွဲ့တွေဆီ တိကျတဲ့ တည်နေရာနဲ့တကွ အလိုအလျောက် ဖုန်းခေါ်ဆို အကြောင်းကြားပေးတာ ဖြစ်ပါတယ်။

iPhone Crash Detection saved driver after 330ft mountain drop

ဒီလို အသက်ဘေးကနေ ကယ်တင်ပေးနိုင်တဲ့ Crash Detection စနစ်ဟာ iPhone 14 နဲ့ အထက် ဖုန်းတွေအပြင် Apple Watch Series 8 နဲ့ နောက်ပိုင်းထွက် စမတ်နာရီတွေမှာ အလိုအလျောက် ပါဝင်လာတာ ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုဖို့ ဖုန်းရဲ့ Settings ထဲက Emergency SOS မှာ သွားရောက် ဖွင့်လှစ်ထားနိုင်သလို၊ Privacy & Security ရဲ့ တည်နေရာပြစနစ်မှာလည်း Emergency Calls & SOS ကို ဖွင့်ထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် Health App ထဲက Medical ID မှာ ကိုယ့်ရဲ့ ရောဂါအခံ၊ ဓာတ်မတည့်တာတွေနဲ့ အရေးပေါ် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကို ကြိုတင်ဖြည့်စွက်ထားရင် အရေးပေါ်အခြေအနေတွေမှာ အသက်ဘေးကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Ref : Yahoo