တရုတ်နိုင်ငံ နန်နင်းမြို့က လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ တစ်လသားအရွယ် ရင်သွေးငယ်ကို ပြုစုစောင့်ရှောက်ဖို့ AI ရဲ့ အကြံပေးချက်ကိုပဲ တစ်သဝေမတိမ်း ယုံကြည်ခဲ့တာကြောင့် ဆရာဝန်တွေရဲ့ ပြင်းပြင်းထန်ထန် သတိပေးခြင်းကို ခံခဲ့ရပါတယ်။
ကလေးငယ်ဟာ မွေးဖွားပြီးစက အသားဝါရောဂါ ကုသဖူးတာကြောင့် အဖေဖြစ်သူ အာချန်နဲ့ သူ့ဇနီးတို့ဟာ ကလေးကျန်းမာရေးကို အထူးစိုးရိမ်မကင်း ဖြစ်နေခဲ့ကြတာပါ။
ကလေး အသက်တစ်လပြည့်လို့ ခဏခဏငိုတဲ့အခါ သူတို့က AI ဆီမှာ အဖြေရှာခဲ့ပြီး AI ကလည်း တစ်ခါတိုက်ရင် နို့ ၆၀ မီလီလီတာပဲ ကန့်သတ်တိုက်ဖို့ အကြံပြုခဲ့ပါတယ်။
အဲဒီအကြံပေးချက်ကို မိဘနှစ်ယောက်က မျက်စိမှိတ် ယုံကြည်ခဲ့ကြပြီး တခြားမိသားစုဝင်တွေက ကလေးဆာလို့ ငိုတာဖြစ်နိုင်တာကြောင့် နို့ပမာဏတိုးတိုက်ဖို့ ပြောတာကိုလည်း လုံးဝလက်မခံဘဲ AI စကားကိုပဲ နားထောင်ခဲ့ကြပါတယ်။

မေလကုန်မှာတော့ ကလေးကို ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့ ဆေးရုံခေါ်သွားတဲ့အခါ ကလေးဟာ တစ်ပတ်လုံးလုံး ကိုယ်အလေးချိန် တစ်ဂရမ်မှ တက်မလာတာကို သိရလို့ မိဘတွေ အကြီးအကျယ် ထိတ်လန့်သွားခဲ့ရပါတယ်။
ဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ သာမန်တစ်လသားအရွယ် ကလေးတစ်ယောက်ဟာ တစ်ခါတိုက်ရင် နို့ ၈၀ ကနေ ၁၀၀ မီလီလီတာအထိ သောက်ရမှာဖြစ်ပြီး ၆၀ မီလီလီတာပဲ တိုက်တာဟာ ကလေးကြီးထွားမှုအတွက် လုံးဝမလုံလောက်ဘူးလို့ ဆိုပါတယ်။
ကလေး ခဏခဏ အော်ငိုနေရတဲ့ အကြောင်းရင်းကလည်း တခြားကြောင့်မဟုတ်ဘဲ ဗိုက်ဆာလွန်းလို့ဖြစ်ပြီး ရင်ခွင်ထဲမှာ ငိုလွန်းလို့ မောပန်းပြီးမှ အိပ်ပျော်သွားရှာတာလို့ ဆရာဝန်က ရှင်းပြပါတယ်။ မိဘတွေကတော့ ပြီးခဲ့တဲ့တစ်ပတ်လုံး ကလေးကို AI ခိုင်းတဲ့အတိုင်းပဲ နို့တိုက်ခဲ့မိတယ်လို့ ဝန်ခံခဲ့ပါတယ်။

ကျွမ်းကျင်သူတွေကတော့ AI ဆိုတာ ကလေးရဲ့ ကိုယ်ခန္ဓာကို တိုက်ရိုက်စစ်ဆေးနိုင်စွမ်းမရှိသလို လမစေ့ဘဲမွေးတဲ့ကလေးလား၊ ပုံမှန်မွေးတဲ့ကလေးလားဆိုတာကိုလည်း မခွဲခြားနိုင်ဘူးလို့ ထောက်ပြထားပါတယ်။
ဒါကြောင့် AI ပေးတဲ့ အချက်အလက်တွေဟာ ပုံသေနည်းဆန်ပြီး ကလေးတစ်ယောက်ချင်းစီရဲ့ ကိုယ်ခန္ဓာအခြေအနေနဲ့ အံဝင်ခွင်ကျမဖြစ်နိုင်ပါဘူး။
ဆရာဝန်တွေကတော့ နည်းပညာကရတဲ့ အချက်အလက်တွေကို မျက်လုံးပိတ်မယုံကြည်ကြဖို့နဲ့ အထူးသဖြင့် ကျန်းမာရေးနဲ့ ဆေးကုသမှုပိုင်းဆိုင်ရာတွေမှာဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့သာ တိုက်ရိုက်တိုင်ပင်ဆွေးနွေးဖို့ သတိပေးထားပါတယ်။
Ref: Khaosod