AI နည်းပညာဟာ တစ်နေ့ကျရင် လျှပ်စစ်မီး ဒါမှမဟုတ် ဝိုင်ဖိုင် (Wi-Fi) လိုမျိုး ကိုယ်သုံးသလောက်ပဲ မီတာခပေးရမယ့် နေ့စဉ်သုံး အခြေခံအသုံးအဆောင်တစ်ခု ဖြစ်လာနိုင်တယ်လို့ OpenAI ရဲ့ CEO Sam Altman က ဆိုပါတယ်။ ဝါရှင်တန်မှာ ပြုလုပ်တဲ့ ပွဲတစ်ခုမှာ သူက ပြောကြားခဲ့တာဖြစ်ပြီး အနာဂတ်မှာ ဉာဏ်ရည်တုတွေကို “မီတာစနစ်” နဲ့ ဖြန့်ဝေပေးသွားမှာဖြစ်လို့ ပိုသုံးရင် ပိုကျသင့်ပြီး လျှော့သုံးရင်တော့ သက်သာမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ Sam Altman က ရှေ့လျှောက် AI နည်းပညာတွေ ပေါများလာတဲ့အခါ မီတာတောင် တိုင်းစရာမလိုတော့ဘဲ အလွန်စျေးပေါတဲ့ (ဒါမှမဟုတ်) အခမဲ့နီးပါး သုံးနိုင်မယ့် အခြေအနေအထိ ရောက်သွားနိုင်တယ်လို့ပါ အရိပ်အမြွက် ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုစိတ်ကူးကြောင့် နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါလာမယ့် နည်းပညာဝန်ဆောင်မှုကြီးကို နည်းပညာကုမ္ပဏီကြီး အနည်းငယ်ကပဲ လက်ဝါးကြီးအုပ် ချုပ်ကိုင်သွားမလားဆိုပြီး ဝေဖန်ငြင်းခုံမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

တကယ်တော့ လက်ရှိမှာလည်း လစဉ်ကြေးပေးရတဲ့ စနစ်တွေနဲ့ သုံးသလောက်ပေးရတဲ့ API လိုမျိုး AI ဝန်ဆောင်မှုတွေ ရှိနေနှင့်ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ Sam Altman မျှော်မှန်းထားတဲ့ အနာဂတ်ကတော့ ဒီထက်မက ပိုဝေးပြီး AI နည်းပညာဟာ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ ရေ၊ မီး၊ အင်တာနက်တို့လိုမျိုး လူမှုဘဝထဲမှာ ခွဲထုတ်လို့မရအောင် အသားကျသွားမယ့် အခြေခံအဆောက်အအုံတစ်ခု ဖြစ်လာဖို့အထိ စိတ်ကူးထားတာ ဖြစ်ပါတယ်။
Ref : Technology Innovation