ရိုဘော့တစ်နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ ဂတ်စဘီ (Gatsby) ဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က အမေရိကန်နိုင်ငံမှာ လူတူစက်ရုပ်ကို အသုံးပြုပြီး နေအိမ်သန့်ရှင်းရေးလုပ်ငန်းကို သမိုင်းဝင်ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။
ဒီဝန်ဆောင်မှုကို သုံးစွဲဖို့အတွက် သုံးစွဲသူတွေက သူတို့ရဲ့ iOS အက်ပလီကေးရှင်းကတစ်ဆင့် စာရင်းပေးသွင်းထားရတာ ဖြစ်ပြီး ကုမ္ပဏီဘက်က စောင့်ဆိုင်းစာရင်း (Waitlist) ထဲကနေ ကံစမ်းမဲစနစ်နဲ့ ကျပန်းရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ရွေးချယ်ခံရတဲ့ သုံးစွဲသူရဲ့ တိုက်ခန်းဆီကို လူတူစက်ရုပ် စေလွှတ်ကာ ဘယ်သူ့အကူအညီမှမပါဘဲ သူ့အလိုအလျောက် သန့်ရှင်းရေးလုပ်ငန်းတွေကို အစအဆုံး သန့်စင်ပေးသွားခဲ့တာကြောင့် ဒါဟာ အိမ်သုံးစက်ရုပ်နည်းပညာကဏ္ဍအတွက် တကယ့်ကို အံ့အားသင့်စရာ ခြေလှမ်းသစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဂတ်စဘီ (Gatsby) ရဲ့ ထူးခြားချက်ကတော့ နာမည်ကြီး တက္ကစီဝန်ဆောင်မှုဖြစ်တဲ့ အူးဘား (Uber) လိုမျိုး “စက်ရုပ်ငှားရမ်းခြင်း ဝန်ဆောင်မှု” ပုံစံမျိုးနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။
သုံးစွဲသူတွေအနေနဲ့ သိန်းပေါင်းများစွာ ပေးချေပြီး စက်ရုပ်တစ်ရုပ်လုံးကို ဝယ်ယူစရာမလိုဘဲ အိမ်သန့်ရှင်းရေးတစ်ကြိမ်စာအတွက် ဒေါ်လာ ၁၅၀ သာ ပေးချေရမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ဒီဝန်ဆောင်မှုကို ဆန်ဖရန်စစ္စကိုမြို့မှာပဲ အစပျိုး စမ်းသပ်ထားသေးတာ ဖြစ်ပြီး တိုက်ခန်းအကျယ်အဝန်း ဘယ်လောက်ပဲကျယ်ကျယ် ပုံသေဈေးနှုန်းတစ်ခုတည်းနဲ့ပဲ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

အခုလို လူတူစက်ရုပ်တွေနဲ့ အိမ်တွင်းအလုပ်တွေကို အစားထိုးဖို့ ကြိုးပမ်းလာတာဟာ ဂတ်စဘီ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တက်စလာ (Tesla) ရဲ့ အော့ပ္ပတီးမတ်စ် (Optimus)၊ ဖီဂါ (Figure) နဲ့ ယူနီထရီး (Unitree) တို့လို ထိပ်သီးနည်းပညာကုမ္ပဏီကြီးတွေကလည်း လူသားတွေရဲ့ နေ့စဉ်အိမ်မှုကိစ္စတွေဖြစ်တဲ့ အဝတ်ခေါက်တာ၊ ဟင်းချက်တာနဲ့ သန့်ရှင်းရေးလုပ်တာတွေကို စွမ်းဆောင်နိုင်မယ့် လူတူစက်ရုပ်တွေကို အပြိုင်အဆိုင် တီထွင်ထုတ်လုပ်နေကြပါတယ်။
ဂတ်စဘီရဲ့ အခုလုပ်ဆောင်ချက်ကြောင့် နောင်အနာဂတ်မှာ ဖုန်းလေးတစ်ချက်နှိပ်ရုံနဲ့ အိမ်အကူစက်ရုပ်တွေကို အိမ်အရောက် ခေါ်ယူအသုံးပြုနိုင်မယ့် ခေတ်သစ်တစ်ခုကို ပိုပြီး မြန်ဆန်လာစေမှာ ဖြစ်ပါတယ်။