ဟောင်ကောင်ရဲ့ နေ့စဉ်လူနေမှုဘဝထဲ AI နည်းပညာကို အရှိန်အဟုန်နဲ့ ထည့်သွင်းဖို့အတွက် လူတူစက်ရုပ်တစ်ရုပ်က အချိန်ပြည့်ဝန်ဆောင်မှုပေးမယ့် ပထမဆုံး ၂၄ နာရီစတိုးဆိုင်ကို ဟန်ဟမ် (Hung Hom) ကမ်းနားမှာ မကြာခင် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ အဲဒီစတိုးဆိုင်မှာရှိတဲ့ လူတူစက်ရုပ်ဟာ ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို မတူညီတဲ့ ဘာသာစကားမျိုးစုံနဲ့ ချက်ချင်း ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟောင်ကောင်အစိုးရအနေနဲ့ AI နည်းပညာကို ဘဝထဲ အမှန်တကယ်အသုံးချနိုင်ဖို့ အဆင့်မြင့်ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီး အဲဒီကော်မတီရဲ့ ပထမဆုံးအစည်းအဝေးကိုလည်း ဒီလထဲမှာပဲ စတင်ကျင်းပတော့မှာ ဖြစ်တယ်လို့ ဘဏ္ဍာရေးအတွင်းရေးမှူး ပေါလ်ချန်းက ပြောပါတယ်။

ဒီနည်းပညာမြင့် စတိုးဆိုင်ကို တရုတ်ပြည်မကြီးက Embodied AI (ရုပ်ပိုင်းဆိုင်ရာစနစ်တွေမှာ AI ထည့်သွင်းတဲ့နည်းပညာ) ကုမ္ပဏီတစ်ခုက ဖန်တီးထားတာဖြစ်ပြီး ဒါဟာ သူတို့အတွက် ပြည်မကြီးပြင်ပမှာ ပထမဆုံးခြေလှမ်းလည်း ဖြစ်ပါတယ်။ ဟောင်ကောင်ရဲ့ ပွင့်လင်းတဲ့ဈေးကွက်နဲ့ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေရှာဖွေရာ ဗဟိုချက်ဖြစ်တဲ့ အားသာချက်တွေကြောင့် အခုလို နည်းပညာကုမ္ပဏီသစ်တွေကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ “AI+ နဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကော်မတီ” မှာတော့ ထိပ်တန်းပညာရှင်တွေ ပါဝင်မှာဖြစ်ပြီး ကျန်းမာရေး၊ သိပ္ပံနဲ့ လူမှုပတ်ဝန်းကျင် ကဏ္ဍအသီးသီးမှာ လူတူစက်ရုပ်တွေနဲ့ AI ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို လေ့လာသွားမှာ ဖြစ်ပါတယ်။

အဲဒီအပြင် ပြည်သူတွေ AI နည်းပညာနဲ့ ရင်းနှီးစေဖို့ “AI Training for All” စီမံကိန်းအတွက် ဟောင်ကောင်ဒေါ်လာ သန်း ၅၀ အထိ အသုံးပြုသွားမှာဖြစ်ပြီး ၂ နှစ်အတွင်း လူပေါင်း ၅ သောင်းကျော်ကို သင်တန်းတွေ ပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေကို လက်တွေ့သင်တန်းတွေ ပေးမယ့်အပြင် သက်ကြီးရွယ်အိုတွေ နည်းပညာလိမ်လည်မှုဒဏ်က ကာကွယ်နိုင်ဖို့အတွက်လည်း လူငယ်သံတမန်တွေကတစ်ဆင့် AI အသုံးပြုနည်းကို စိတ်ရှည်လက်ရှည် ကူညီသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဟောင်ကောင်ရဲ့ ကွန်ပျူတာတွက်ချက်မှုစွမ်းရည် (Computing Power) ကိုလည်း မြှင့်တင်နေပြီး ၂၀၃၂ ခုနှစ်မှာ ကွန်ပျူတာအမြန်နှုန်း ပေတာဖလော့ပ် (petaflops) ၁ သိန်း ၈ သောင်းအထိ ရောက်ရှိလာဖို့ အားစိုက်နေပါတယ်။
Ref : bangkokpost