နည်းပညာလောကရဲ့ အစောင့်မျှော်ရဆုံးပွဲတစ်ခုဖြစ်တဲ့ Apple ရဲ့ WWDC 2026 ကို တနင်္လာနေ့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ iPhone, Mac, iPad, Apple Watch နဲ့ Vision Pro တို့မှာ ပါဝင်လာမယ့် ဆော့ဖ်ဝဲလ်အသစ်တွေကို ချပြခဲ့ပြီး ကုမ္ပဏီရဲ့ အနာဂတ်လမ်းပြမြေပုံကို မိတ်ဆက်ပေးခဲ့ပါတယ် ဒါ့အပြင် ဒီပွဲဟာ Tim Cook အနေနဲ့ ကုမ္ပဏီရဲ့ CEO အဖြစ် နောက်ဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပွဲလည်း ဖြစ်တာကြောင့် ပိုပြီးတော့ အမှတ်တရဖြစ်စရာ ကောင်းခဲ့ပါတယ် အဲဒီပွဲကနေ ကောက်နုတ်ရရှိတဲ့ စိတ်ဝင်စားစရာ အဓိကအချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
အရာအားလုံးဟာ AI၊ AI၊ AI တွေချည်းပါပဲ
အခုနှစ် WWDC 2026 ပွဲမှာ Apple က လူတွေရဲ့ ရင်ထဲစွဲကျန်ရစ်စေချင်တဲ့ စကားလုံးကတော့ “Apple Intelligence” ဆိုတဲ့ ၎င်းတို့ရဲ့ ကိုယ်ပိုင် AI စနစ်ပဲ ဖြစ်ပါတယ် ဒီ AI စနစ်သစ်ကို ဖုန်းထဲက ဒစ်ဂျစ်တယ်လက်ထောက် Siri အပြင် Vision Pro ဝတ်ဆင်ရတဲ့ စက်ပစ္စည်းအပါအဝင် Apple ရဲ့ ထုတ်ကုန်တိုင်းမှာ အားဖြည့်ထည့်သွင်းပေးထားပါတယ် ဆော့ဖ်ဝဲလ်အသစ်ကြောင့် Safari ဘရောက်ဇာမှာ တက်ဘ်တွေကို အကြောင်းအရာအလိုက် အလိုအလျောက် စီစဉ်ပေးတာ၊ ဝဘ်စာမျက်နှာတွေကို စောင့်ကြည့်တာနဲ့ စာသားအမိန့်ပေးရုံနဲ့ စိတ်ကြိုက် Extension တွေ ဖန်တီးတာမျိုး လုပ်နိုင်မှာဖြစ်သလို Messages, Mail, Calendar, Phone စတဲ့ အက်ပ်တွေမှာလည်း အလုပ်တွေကို ပိုမိုမြန်ဆန်အောင် ကူညီပေးမယ့် AI စနစ်တွေ ပါဝင်လာမှာဖြစ်ပါတယ်။
ဖုန်းအဟောင်းကို ကိုင်ထားတဲ့ Apple ပရိသတ်တွေအတွက် သတင်းကောင်းရှိပါတယ်
iOS 27 မှာ ပါဝင်လာမယ့် Optimized CPU Scheduler စနစ်ဟာ iPhone 11 အထိ နောက်ပြန်ဆွဲပြီး ဖုန်းအဟောင်းတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန် မြန်ဆန်လာစေမှာဖြစ်ပါတယ် ဒါကြောင့် ဒါဟာ သုံးစွဲသူအများဆုံးဆီ ရောက်ရှိမယ့် iOS Update ဖြစ်လာမှာပါ။
Siri ဟာ Chatbot လို ဖြစ်လာပြီး ကိုယ်ပိုင်အက်ပ်လည်း ရရှိမှာဖြစ်ပါတယ်
Siri ကို ပိုပြီး လူလိုစကားပြောကောင်းလာအောင်နဲ့ တစ်ဆင့်ထက်မက တောင်းဆိုတဲ့ အမိန့်တွေကိုပါ လုပ်ဆောင်နိုင်အောင် AI နဲ့ အဆင့်မြှင့်တင်လိုက်ပါတယ် ၎င်းဟာ နောက်ဆက်တွဲမေးခွန်းတွေကို နားလည်ဖြေကြားနိုင်မှာဖြစ်သလို ဖုန်းမျက်နှာပြင်ပေါ်မှာ ဘာရှိနေလဲဆိုတာကိုပါ နားလည်ပြီး အက်ပ်တွေအကြား ပူးပေါင်းလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ် ဥပမာ ခရီးသွားတုန်းက ရိုက်ထားတဲ့ ပုံတွေကို ရှာခိုင်းပြီး Shared Album ထဲကို တန်းထည့်ခိုင်းတာမျိုး လုပ်နိုင်မှာဖြစ်ပါတယ် ဒါ့အပြင် Device အမျိုးမျိုးမှာ ပြောခဲ့တဲ့ စကားပြောဆိုမှုမှတ်တမ်းတွေကို ပြန်ကြည့်နိုင်မယ့် ကိုယ်ပိုင် အက်ပ်တစ်ခုလည်း Siri အတွက် သီးသန့်ရရှိမှာဖြစ်ပါတယ်။
Apple ဟာ သင့်ဓာတ်ပုံတွေကို AI နဲ့ ပြင်ဆင်ဖို့ ပိုမိုအားစိုက်လာပါတယ်
Photos အက်ပ်မှာ ဓာတ်ပုံပြင်ရတာ ဝါသနာပါသူတွေအတွက် Tools အသစ် ၃ ခု ပါဝင်လာမှာဖြစ်ပါတယ် အဲဒါတွေကတော့ ရှုပ်ပွနေတဲ့ ပုံတွေထဲက အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေကို ဖယ်ရှားပေးမယ့် “Clean Up”၊ မူရင်းပုံရဲ့ ဘောင်ဘေးပတ်ပတ်လည်မှာ ပုံရိပ်တွေ အလိုအလျောက် ထပ်မံဖန်တီးပေးမယ့် “Extend” နဲ့ ကင်မရာကို ဘေးနည်းနည်းရွှေ့ပြီး ရိုက်လိုက်သလိုမျိုး ရှုထောင့်ကို ပြောင်းလဲပေးနိုင်မယ့် “Spatial Reframing” တို့ ဖြစ်ပါတယ် ဒါဟာ လက်ရှိအခြေအနေကို လိမ်ညာဖို့မဟုတ်ဘဲ ဓာတ်ပုံအနုပညာကို ပိုမိုကောင်းမွန်အောင် ကူညီပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နဲ့ ဥရောပသမဂ္ဂက Apple ပရိသတ်တွေကတော့ စောင့်ရဦးမှာပါ
နည်းပညာတွေ ဘယ်လောက်ကောင်းကောင်း အားလုံးတော့ သုံးခွင့်ရဦးမှာ မဟုတ်ပါဘူး စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ဥရောပသမဂ္ဂ (EU) နဲ့ တရုတ်နိုင်ငံက သုံးစွဲသူတွေဟာ Siri AI ကို ဖုန်းတွေနဲ့ နာရီတွေမှာ သုံးခွင့်ရဦးမှာ မဟုတ်ပါဘူး EU သုံးစွဲသူတွေအနေနဲ့ Mac ကွန်ပျူတာတွေပေါ်မှာပဲ သုံးနိုင်ဦးမှာဖြစ်ပြီး ဒီကြေညာချက်ကြောင့် Apple ရဲ့ ရှယ်ယာဈေးနှုန်းလည်း ချက်ချင်းကျဆင်းသွားခဲ့ပါတယ်။
မိဘတွေရဲ့ ထိန်းချုပ်ကြီးကြပ်နိုင်စွမ်း ပိုမိုအားကောင်းလာပါတယ်
မိဘတွေအနေနဲ့ အသက် ၁၃ နှစ်အောက် ကလေးတွေရဲ့ Device အသုံးပြုချိန်နဲ့ ကြည့်ရှုခွင့်တွေကို ပိုမိုတင်းကျပ်စွာ ကန့်သတ်နိုင်မှာဖြစ်ပါတယ် ကလေးတွေအနေနဲ့ ဝဘ်ဆိုက်ကြည့်တာ ဒါမှမဟုတ် စာမက်ဆေ့ခ်ျမပို့ခင် မိဘဆီ ခွင့်ပြုချက်တောင်းခံရမယ့် စနစ်ကို ထည့်သွင်းထားသလို ကလေးတွေ ဖုန်းအသုံးလွန်နေရင် ချက်ချင်းပိတ်ပစ်နိုင်မယ့် “Pause Device” ခလုတ်လည်း ပါဝင်လာပါတယ်။
Apple ရဲ့ Liquid Glass ဒီဇိုင်းကို မကြိုက်ဘူးလား… အခုတော့ ချိန်ညှိနိုင်တဲ့ Slider ပါလာပါပြီ
မနှစ်က မိတ်ဆက်ခဲ့တဲ့ “Liquid Glass” စခရင်ဒီဇိုင်းကို လူတိုင်း သဘောမကျခဲ့ကြတဲ့အတွက် အခုအခါမှာ စာဖတ်ရ ပိုမိုလွယ်ကူပြီး အက်ပ်တွေရဲ့ ပုံစံကို ပိုပြီး သပ်ရပ်သွားအောင် ပြန်လည်ပြင်ဆင်ထားပါတယ် ဒီဇိုင်းကို လုံးဝဖျောက်ဖျက်ပစ်လို့ မရပေမယ့် Slider လေးကို သုံးပြီးတော့ အလွန်ကြည်လင်တဲ့အဆင့်ကနေ အရောင်ရင့်တဲ့အဆင့်အထိ စိတ်ကြိုက် ချိန်ညှိနိုင်မှာဖြစ်ပါတယ်။
CEO အဖြစ် နောက်ဆုံး WWDC ပွဲအပေါ် Tim Cook ရဲ့ ခံစားချက်
Tim Cook ဟာ လာမယ့် စက်တင်ဘာလမှာ John Ternus ဆီကို CEO ရာထူး လွှဲပြောင်းပေးတော့မှာဖြစ်တဲ့အတွက် ဒါဟာ သူ့ရဲ့ နောက်ဆုံးပွဲ ဖြစ်ပါတယ် သူက Apple မှာ အလုပ်လုပ်ခဲ့ရတာဟာ ဘဝရဲ့ ဂုဏ်ယူစရာ အကောင်းဆုံးဖြစ်ခဲ့ပြီး အကောင်းဆုံးအရာတွေက ရှေ့မှာ ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ် အခုလို ပွဲမျိုးတွေဟာ သူ့ရဲ့ CEO သက်တမ်းတစ်လျှောက် အမှတ်တရအကောင်းဆုံး အချိန်တွေဖြစ်တယ်လို့လည်း ရင်ဖွင့်ခဲ့ပါတယ်။
Ref : businessinsider