တရုတ်နိုင်ငံရဲ့ လူစည်ကားလှတဲ့ ဖန်ချန်ဂန်း (Fangchenggang) နယ်စပ်ဂိတ်မှာတော့ ထူးထူးခြားခြား AI စနစ်သုံး UBTech Walker S2 အမျိုးအစား “လူတူစက်ရုပ်” တွေကို စတင်ချထားပြီး တာဝန်ပေးနေပြီဖြစ်ပါတယ်။ အဲဒီလူတူစက်ရုပ်တွေဟာ နယ်စပ်ဖြတ်ကျော်မယ့် ခရီးသွားတွေကို လမ်းညွှန်ပေးတာ၊ စနစ်တကျ လူတန်းစီနိုင်အောင် စီမံပေးတာ၊ အများပြည်သူ နားနေဆောင်တွေကို လှည့်ကင်းပတ်တာနဲ့ ကုန်စည်သယ်ယူမှုတွေကိုပါ ကူညီပေးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးလိုမျိုး အဓိကတာဝန်တွေကိုတော့ လူသားနယ်စပ်အရာရှိတွေကပဲ အပြည့်အဝ ကိုင်တွယ်နေဆဲဖြစ်ပြီး လူတူစက်ရုပ်တွေကတော့ ဘေးနားကနေ အကောင်းဆုံး ပံ့ပိုးကူညီပေးနေကြတာ ဖြစ်ပါတယ်။

UBTech wins US$37 million deal to deploy humanoid robots at China-Vietnam  border crossings | South China Morning Post

ဒီစွမ်းဆောင်ရည်မြင့် လူတူစက်ရုပ်တွေကို အသုံးပြုဖို့အတွက် အမေရိကန်ဒေါ်လာ ၃၇ သန်းအထိ အကုန်အကျခံကာ စမ်းသပ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်ထားတာ ဖြစ်ပါတယ်။ သူတို့ဟာ လူသားတွေလိုပဲ ခြေထောက်နှစ်ဖက်နဲ့ သဘာဝကျကျ လမ်းလျှောက်နိုင်သလို လမ်းမှာရှိတဲ့ အတားအဆီးတွေကိုလည်း ပါးပါးနပ်နပ် ရှောင်ကွင်းနိုင်ကြပါတယ်။ ဒါ့အပြင် အားကုန်ခါနီးရင်လည်း သူတို့ရဲ့ဘက်ထရီကို ကိုယ်တိုင်အလိုအလျောက် ဖြုတ်လဲနိုင်တဲ့ စနစ်ပါဝင်တာကြောင့် အလုပ်နားရတာမျိုးမရှိဘဲ အချိန်အကြာကြီး စွမ်းရည်ပြည့် လုပ်ဆောင်နိုင်စွမ်း ရှိကြပါတယ်။

အခုပြုလုပ်နေတဲ့ စမ်းသပ်မှုသာ အောင်မြင်သွားမယ်ဆိုရင်တော့ နောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ အခြားနယ်စပ်ဂိတ်တွေ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေနဲ့ လူစည်ကားတဲ့ သယ်ယူပို့ဆောင်ရေး ဗဟိုဌာနကြီးတွေမှာပါ ဒီလို အဆင့်မြင့်လူတူစက်ရုပ်တွေကို နေရာအနှံ့ တွေ့မြင်လာရမယ့် အလားအလာရှိနေပါတယ်။

Ref : Technology Innovation